ကျောက်ဖြူ – ၂၀၂၄ စက်တင်ဘာ ၂၅ ( မော်ကွန်း)
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မအီမြို့က ကျောက်ဖြူ-မအီ-ရန်ကုန်သွားကားလမ်းမှာရှိတဲ့ တံတားကို စစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် တံတားအနီးက AA စစ်ဆေးရေးဂိတ် အဆောက်အအုံတချို့ ဗုံးထိခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူ- ရန်ကုန်ကားလမ်းမပေါ်က မအီလုံးတော်ပေါက်တံတားကို ဒီနေ့ မနက်ပိုင်း ၀၀း၃၀ နာရီလောက်မှာ ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီတံတားရဲ့ လုံခြုံရေးကို AA တပ်က ထိန်းချုပ်ထားတာပါ။
” ဗုံးက သုံးလုံးပစ်ချ သွားတာပါ။ ကျောက်ဖြူကနေ ရန်ကုန်ကိုကားနဲ့ သွားမယ်ဆိုရင် အဲ့ဒီတံတားကပဲ ဖြတ်ရတာ။ အဓိက အသုံးပြုနေရတဲ့ တံတားပေါ့။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်ပစ်သွားတာ ထင်တယ်” လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဗုံးကြဲမှုကြောင့် တံတားတစ်ခုလုံးပျက်စီးခဲ့တာမျိုး မရှိပေမယ့် အနီးက AA စစ်ဆေးရေးဂိတ် အဆောက်အအုံတွေတော့ ပျက်စီးသွားတယ်လို့ သူကပြောပါတယ်။
အဲဒီတံတားအနီးမှာ ကုန်တင်ကားတွေနဲ့ ခရီးသည်ကားတွေလည်း ရံဖန်ရံခါ ရှိနေတတ်တာကြောင့် အရပ်သားထိခိုက်မှု ရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ပြောပေမယ့် တပ်သားထိခိုက်မှု အခြေအနေကိုတော့ မပြောပါဘူး။
” ဒဏ်ရာရသူတွေ ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကားသမားတွေက အနီးအနားမှာ တခါတလေရှိနေတတ်တော့ အထိအခိုက်တွေလည်း ရှိကောင်း ရှိနေနိုင်တယ်။ ဒီတံတားသာ ပျက်စီးသွားရင် ဒေသခံတွေအတွက် နစ်နာမှုတွေ အများကြီးရှိတယ်။ စီးပွားရေးတွေရော၊ ကျန်းမာရေးကိစ္စတွေရော အဘက်ဘက်ကနေ ခက်ခဲသွားမှာ” လို့ သူက ပြောပါတယ်။
တောင်ကုတ်မြို့နယ်ထဲပါဝင်တဲ့ မအီမြို့ကို AA က ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်တွေကတော့ တောင်ကုတ်မြို့ကို ပိတ်ဆို့ကာ ခံစစ်ပြင်ပြီး မြို့တွင်းမှာသာ နေနေတာလို့ တောင်ကုတ်ဒေသခံတချို့ကလည်း ပြောပါတယ်။
AA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တော်စစ်တွေ၊ တောင်ပိုင်းမှာ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူ၊ ပင်လယ်ထဲက ကျွန်းမြို့နယ်ဖြစ်တဲ့ မာန်အောင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ အမ်း၊ ရခိုင်ပြည်နယ်ရဲ့ ကုန်လမ်း၊ ရေလမ်းဆုံရာမြို့ တောင်ကုတ်နဲ့ ပြည်နယ်တောင်ပိုင်းအစွန်ဆုံးမြို့နယ်ဖြစ်တဲ့ ဂွ တို့ကလွဲရင် ပြည်နယ်တစ်ခုလုံးကို အများစုထိန်းချုပ်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဆုံးရှုံးသွားရတဲ့ နယ်မြေတွေကို မြေပြင်တပ်အင်အားမပို့နိုင်တော့ဘဲ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် အရပ်သား ထိခိုက်မှုတွေ မြင့်တက်နေတယ်လို့ ပဋိပက္ခစောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ဒီနေ့ မနက်အစောပိုင်းမှာလည်း AA ရဲ့ မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားရာ ရှမ်းမြောက်က လားရှိုးမြို့ကို နှစ်ရက်ဆက်တိုက်ဗုံးကြဲတာကြောင့် လားရှိုးမြို့ပေါ်မှာ အရပ်သားထိခိုက်သေဆုံးဒဏ်ရာရမှုတွေ ရှိတယ်လို့ အကူအညီပေးသူတွေက လူမှုကွန်ယက်တွေမှာ ရေးသားနေကြပါတယ်။ နောက်ထပ် AA ရဲ့ မဟာမိတ်ဖြစ်တဲ့ တအာင်းတပ်(TNLA) ထိန်းချုပ်ရာ ရှမ်းမြောက်က သီပေါမြို့ကိုလည်း ယခုလ ၂၃ ရက်တုန်းက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားသေဆုံးတာတွေ ဖြစ်ခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးကို သိမ်းထားတဲ့ MNDAA က တိုက်ပွဲကိုရပ်ပြီး တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ပြောနေချိန်မှာပဲ စစ်ကောင်စီက လားရှိုးမြို့ကို အခုလို နှစ်ရက်ဆက်တိုက်ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
ပုံစာ- AA ထိန်းချုပ်ထားတဲ့ မအီမြို့ကို တွေ့ရစဉ်။
ဓါတ်ပုံ- Google
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


