စစ်တွေ- ၂၀၂၄ စက်တင်ဘာ ၁၈( မော်ကွန်း)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျတံတားတစ်ဖက်ကမ်းရှိ ရွှေပြည်သာကျေးရွာက ရွာသားတွေကို စစ်ကောင်စီတပ်က ရွာကနေ အတင်းအဓမ္မနှင်ထုတ်လိုက်တာကြောင့် ရွာသားတွေဟာ နေစရာနဲ့စားစရာမရှိဘဲ အခက်အခဲတွေဖြစ်နေကြပါတယ်။
အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ယခုလ ၁၅ ရက် မနက်ပိုင်းက ရွှေပြည်သာကျေးရွာကို ရောက်ရှိလာကြပြီး ရွာသားတွေကို ကျေးရွာထဲကနေထွက်သွားကြဖို့အတင်း နှင်ထုတ်ခဲ့တယ်လို့ ရွာခံတွေကပြောပါတယ်။
ရွာခံအမျိုးသမီးတစ်ဦးက” ဒီရွာမှာဆက်နေခွင့်မရှိတော့ဘူး၊ ဒီနေ့ကစပြီး အပြီးထွက်သွားကြလို့ပြောတယ်။ ကိုယ့်ရဲ့အရေးကြီးတဲ့ပစ္စည်းတွေကိုလည်း တစ်ခါတည်းယူသွား၊ နောက်နေ့ကစလို့ ရွာထဲကို ဝင်ခွင့်ပေးမယ်မထင်နဲ့၊ ညနေပိုင်းအကုန်ပြောင်းကြဖို့ စီစဉ်ထားကြဆိုပြီး နှင်ထုတ်ပါတယ်။ ကျွန်မတို့လည်း ဗျိုင်းဖြူရွာလိုမျိုးဖြစ်သွားမှာကြောက်ပြီး ပြေးလာရတာပေါ့” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်အချို့မှာ ဆတ်ရိုးကျရပ်ကွက်အတွင်းရှိ ဗျိုင်းဖြူရွာထဲကို စစ်ကြောင်းဝင်ရောက်လာပြီး ရွာသား ၇၆ ဦးကိုပစ်သတ်ခဲ့ပါတယ်။
ဒါ့အပြင် ဗျိုင်းဖြူရွာသား ၃၀၀ ကျော်ကိုလည်း ဖမ်းဆီးသွားခဲ့ပြီး AA နဲ့ ဆက်စပ်တယ်လို့စွပ်စွဲကာ မတရားအသင်းဆက်သွယ်ဥပဒေပုဒ်မ ၁၇(၁) နှင့် ထောင်ဒဏ် သုံးနှစ်စီအသီးသီးချမှတ်ခဲ့ပါတယ်။
ဒါကြောင့် ရွာသားတွေဟာ ကြောက်လန့်ပြီး ကျေးရွာကိုစွန့်ခွာကာ စစ်တွေမြို့ပေါ်က ဘုန်းကြီးကျောင်းတွေနဲ့ ကျူးကျော်တဲအိမ်တွေမှာ ခိုလှုံနေကြရပြီး လက်ရှိမှာ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ အရမ်းကိုခက်ခဲ နေကြပါတယ်။
” မိုးရာသီဆိုတော့ အမိုးအကာတွေမလုံ၊ ခြင်ကလည်းတအားကိုက်နဲ့ ငှက်ဖျားဖြစ်မှာကိုတောင်ကြောက်တယ်။ ဒီကြားထဲ ထမင်းစားစရာကပါမရှိပြန်ဘူး။ အလုပ်တွေဘာတွေ ထွက်ရှာဖို့ကလည်း ဒီကာလမှာ အပြင်မှာသွားလာနေဖို့ အဆင်မပြေဘူး။ ဘုန်းကြီးကျောင်းမှာသွားနေဖို့ကလည်း လူများတော့ နေရာမဆံ့တော့ဘူး။ အရင်ရောက်တဲ့သူတွေက နေရာယူထားကြပြီ” လို့ ရွှေပြည်သာရွာသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ရွာသားတွေကို အကြောင်းပြချက်မရှိဘဲ ရွာကနေ အတင်းနှင်ထုတ်လိုက်တဲ့အပြင် ရွာသားတွေအတွက် နေရာထိုင်ခင်းမစီစဉ်ပေးတာဟာ အလွန်တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ရွာသားတွေကပြောပါတယ်။
” လိုအပ်ချက်အရနှင်ထုတ်တယ်ဆိုလည်း မြို့ပေါ်မှာ နေဖို့ထိုင်ဖို့စီစဉ်ပေးလေ၊ စားနပ်ရိက္ခာပေးလေ။ အခုဟာက ရွာကနေထွက်သွားဆိုရုံနဲ့ ပြီးပြီ။ ဒီပြည်သူတွေ ဘယ်နေရာမှာသွားနေပြီး ဘယ်လိုစားသောက်ကြမလဲဆိုတာ မတွေးဘူး။ အရမ်းကို ရက်စက်လွန်းပါတယ်” လို့ ရွာခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့တွင်းမှာရှိတဲ့ ဒေသခံတွေကို ဆတ်ရိုးကျတံတားကိုကျော်ပြီး ရွှေပြည်သာကျေးရွာဘက်သို့ ဖြတ်သွားဖြတ်လာမလုပ်ကြဖို့နဲ့ မလိုက်နာတဲ့သူတွေကို ပစ်သတ်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်က စစ်တွေမြို့နယ်၊ မင်းလှကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်တာမျိုးတွေ၊ ဒေသခံတွေကိုဖမ်းဆီးစစ်ဆေးတာမျိုးတွေ၊ အနီးအနားရွာတွေကို လက်နက်ကြီးပစ်ခတ်မှုတွေလည်း မကြာခဏဆိုသလို ပြုလုပ်နေပါတယ်။
Photo – စစ်တွေမြို့သူ၊မြို့သားများစုစည်းရာ page
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

