ဒီပဲယင်း – ၂၀၂၁ ဒီဇင်ဘာ ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းကတည်းက စစ်ကောင်စီတပ်တွေဟာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်းချထားမှုကို လိုက်လံစောင့်ကြည့်နေပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေစခန်းချတဲ့နေရာကို သုံးဘက်ပိတ်ပြီး PDF တွေက ဦးစွာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲချိန် နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာလာတာကြောင့် လေကြောင်းပစ်ကူတွေပါအသုံးပြုလာပြီးနောက် ကျန်ရှိတပ်သားတွေလည်ရ ဆုတ်ခွာသွားကြောင်း ဒေသခံတွေဆီကသိရပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ အများအပြားသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း၊ PDFဘက်ကတစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦးရှိကြောင်း ဒေသခံကဆိုပါတယ်။
ဒီပဲယင်းမြို့နယ်မှာ နိုဝင်ဘာလကုန်ပိုင်းကနေ တိုက်ပွဲတွေပြန်လည်စတင်ဖြစ်ပွားနေတာကြောင့် ကျေးရွာ ၁ဝ ရွာထက်မနည်းက ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရပါတယ်။
#Dailynews

