ဒီပဲယင်း – ၂၀၂၄ ဩဂုတ် ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို စစ်ကောင်စီက တော်လှန်ရေးတပ်တွေထံကနေ ပြန်လည်ရယူပြီးနောက် မြို့နေပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလ ၁၅ ရက်က စတင်ပြီး ဒီပဲယင်းမြို့ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရာ သုံးရက်အကြာမှာ မြို့ကိုရရှိခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ စစ်အင်အားတွေတိုးချဲ့ပြီး ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီနေ့ ညပိုင်းမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကို ပြန်လည်စွန့်လွှတ်ခဲ့ရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ဒီပဲယင်းမြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး စစ်ရေးအခြေအနေတင်းမာနေသလို ပြည်သူတွေကိုလည်း မြို့ထဲပြန်မဝင်ကြဖို့ပြောဆိုထားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ပြန်ဝင်လာကတည်းက အိမ်တွေကို မီးရှို့နေတာ။ မနေ့ ညနေ ၅း၀၀ နာရီအချိန်ထိ မီးခိုးတွေမြင်နေရတယ်။ နေအိမ်အများအပြား မီးလောင်ကျွမ်းတဲ့ အနေထားရှိတယ်”လို့ စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“ထိပေ့သျှင်”ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့တာဝန်ခံကလည်း ဒီပဲယင်းမြို့ထဲမှာ ပြည်သူတွေမရှိတော့ဘဲ၊ လက်ရှိမှာ မြို့တော်ခမ်းမနားနဲ့ ဘောလုံးကွင်းနားတဝိုက် မီးရှို့ခံနေရတာဖြစ်တယ်လို့ မော်ကွန်းကို ပြောပါတယ်။
မီးရှို့ခံရမှုတွေကြောင့် အိမ်ခြေဘယ်လောက် မီးလောင်ပျက်စီးထားလဲဆိုတဲ့အခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးပါဘူး။
လက်ရှိမှာ ဒီပဲယင်းမြို့က စစ်ရှောင်တွေနဲ့ မဲဇယ်၊ လက်တီး၊ ဝါးပါ၊ သပြေသာ ၊အင်တန်း၊ မစိုးရိမ်၊ ပျော်ဘွယ်၊ အောင်ချမ်းသာ၊ ရင်းနွေ၊ ရွာသစ်၊ မှန်သာ၊တောကျောင်းကျေးရွာတွေက ပြည်သူ ၂,၃၀၀ လောက်ကို တော်လှန်ရေးတပ်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက စောင့်ရှောက်ထားတယ်လို့ ကူညီသူတွေက ပြောကြပါတယ်။
စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့ကိုလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက တော်လှန်ရေးတပ်တွေ သိမ်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီထံ ပြန်ပေးလိုက်ရပါတယ်။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက ခုခံတော်လှန်နေကြတဲ့ တော်လှန်ရေး တပ်ဖွဲ့ တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၈၀ ခန့် ကို သိမ်းပိုက်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ပဋိပက္ခစောင့်ကြည့်လေလာတဲ့အဖွဲ့အစည်း ISP-Myanmar ရဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကထုတ်ပြန်တဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ နှစ်လယ်အထိတင် မြို့နယ်ပေါင်း ၁၀၆ မြို့နယ်ထဲမှာ မီးရှို့ဖျက်ဆီးမှုတွေ ရှိနေပြီလို့ ဖော်ပြပါတယ်။
အဲဒီကာလအတွင်း နေအိမ် ရှစ်သောင်းကျော် မီးရှို့ခံခဲ့ရပြီး အများဆုံးက စစ်ကိုင်းတိုင်းထဲမှာ အရှို့ခံရတာပါ။
မြို့နယ် ၃၇ ခုရှိတဲ့ စစ်ကိုင်းတိုင်းမှာ အဲဒီတုန်းကတင် ၃၂ မြို့နယ်မှာ မီးရှို့ ခံရပြီးပြီလို့ ဖော်ပြပါတယ်။
ပုံစာ – မနေ့က ဒီပဲယင်းမြို့ကို မီးရှို့နေသည့်အခြေနေ
ဓါတ်ပုံ – ဒီပဲယင်းတော်လှန်ရေးရဲဘော်တစ်ဦး
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

