ကော်သူးလေ – ၂၀၂၄ ဇူလိုင် ၂၇ (မော်ကွန်း)
သီတင်းတစ်ပတ်ကျော်ကြာ မရပ်မနားရွာသွန်းခဲ့တဲ့မိုးကြောင့် မြန်မာပြည်တောင်ပိုင်းတခွင်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လာပြီး ကော်သူးလေနယ်မြေထဲမှာ စိုက်ပျိုးထားတဲ့ မိုးစပါးတွေ ရေနစ်မြုပ်ကုန်တာကို တွေ့ရပါတယ်။
ကေအဲန်ယူ၊ တပ်မဟာ ၆၊ ဝင်းရေးမြို့နယ်က လယ်သမားတွေကတော့ အခုနှစ်စိုက်ပျိုးထားတဲ့ သူတို့ရဲ့ မိုးစပါးတွေ ရေထဲမြုပ်ကုန်တာကြောင့် ပြန်လည်စိုက်ပျိုးရမယ့် အနေအထားရှိတယ်လို့ မော်ကွန်းကို ပြောပါတယ်။
“စပါးတွေစိုက်လည်းပြီး ရေလည်းကြီးပေါ့၊ အရင်နှစ်က ရေကြောင့် စပါးပျက်စီးတာ ရှိပေမယ့် ဒီလောက်မဟုတ်ဘူးပေါ့နော်၊ ဒီလိုမျိုးဖြစ်တော့ နောက်တစ်ခေါက်ထပ်စိုက်ရမှာပေါ့၊ အရင်နှစ်တွေက ထပ်စိုက်ရပေမယ့် အဲဒီလောက်မဟုတ်ဘူး နည်းနည်းပါးပါးဘဲစိုက်ရမယ်၊ ဒီနှစ်တော့ တစ်လယ်လုံးစိုက်ရမှာလားမသိတော့ဘူး။ ရေကျမှပဲ သိရမှာပေါ့”လို့ ဝင်းရေးမြို့နယ်ကလယ်သမား စောထိုလွိက မော်ကွန်းကိုပြောပါတယ်။
အခု မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးတဲ့နောက် လယ်တွေအထဲ ရေအပြည့်ဖုံးလွှမ်းသွားတာကြောင့် သူတို့မကြာသေးခင်ကမှ ပျိုးထားတဲ့ စပါးပင်တွေဟာ ရေပေါ်ကို ပေါ်လာကြတယ်လို့ သူကပြောပါတယ်။
“ဒီနှစ်ရေကြီးစောတယ်။ ဒီနှစ်ရေက လည်ပင်းထိရောက်နေတယ်။ ဒါတောင်လယ်ကွင်း အလယ်မရောက်သေးဘူး” လို့ စောထိုလွိကပြောပါတယ်။
သူတို့ရွာကလယ်တွေဟာ အားလုံး စုပေါင်းစပ်ပေါင်းလုပ်ကိုင်ကြတာဖြစ်ပြီး အခုရေနစ်မြုပ်ကုန်တဲ့ လယ်တွေ စုစုပေါင်း ဧက ၁၀၀ လောက်ရှိတယ်လို့ သူကပြောတယ်။
“စပါးမပျက်စီးဘူးဆိုရင် တစ်နှစ်တစ်နှစ် စပါး အများကြီးထွက်တာပေါ့၊ တစ်ချို့လယ်ရှင်တွေက စပါး တင်း ၇၀၀၊ ၈၀၀ လောက်ထွက်နေတာ၊ ဒီနှစ်တော့ ဘယ်လိုဖြစ်မလဲမသိတော့ဘူး၊ ရေကတော့ မိုးရေရော၊ ချောင်းရေရောဘဲ။ ချောင်းကတော့ ကရင်လိုဆိုရင် (မယ့်ကူချောင်း)လို့ခေါ်တယ်”လို့ စောထိုလွိကပြောပါတယ်။
ဝင်းရေးမြို့နယ်ထဲက နောက်ထပ် လယ်သမားတစ်ဦးဖြစ်တဲ့ စောထွန်းလင်းကတော့ ဒီနှစ်မိုးကြောင့် လယ်တွေကို ဖုံးလွှမ်းနေတဲ့ရေတွေ ပြန်မကျသေးဘဲ အကယ်၍ စပါးတွေပျက်စီးသွားရင်တော့ နောက်တစ်ကြိမ်ထပ်စိုက်ရနိုင်တယ်လို့ မော်ကွန်းကိုပြောပါတယ်။
“ဦးရဲ့ လယ်က ကောင်းကောင်းလုပ်မယ်ဆိုရင် စပါး(၅၀၀)လောက်ထွက်တယ်”လို့ သူကပြောတယ်။
ကော့ကရိတ်မြို့နယ်တောင်ပိုင်းမှာလည်း လယ်ကွင်းတွေကို ကြည့်လိုက်ရင် ရေတွေ ပြည့်လျှံနေပါတယ်။
စစ်ပွဲနဲ့မပြတ်တဲ့ ကော့ကရိတ်တောင်ပိုင်းက ဒေသခံတွေဟာ တစ်နှစ်စာ သူတို့စားဖို့ ဆန်အတွက် စပါးစိုက်ဖို့ စစ်ရှောင်ရင်းအရဲစွန့် ပြန်လာကြသူတွေများပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွာတွေဘက်ကို ချိန်ရွယ်ပြီး မှန်းဆချက်မရှိဘဲပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ အခုနောက်ဆိုရင် အတွဲလိုက်တာဝေးပစ် မစ်ဇိုင်းဒုံးတွေတောင်ပါလာပါတယ်။
ဒီလက်နက်ကြီးတွေဟာ ကျေးရွာတွေ၊ လယ်ကွင်းတွေထဲကို ကျတာများပြီး အရပ်သားပြည်သူတွေ သေဆုံးမှုရှိနေတာကြောင့် ဒေသခံတွေဟာ စပါးကို အရဲစွန့်စိုက်ကြရတာပါ။
ဒီနှစ်တော့ စစ်ဒဏ်အပြင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာတာကြောင့် သူတို့အရဲစွန့်စိုက်ထားတဲ့ ပျိုးပင်တွေ၊ စပါးခင်းတွေ ရေနစ်မြုပ်ကုန်ပါတယ်။
“ပျိုးထားတဲ့ စပါးမျိုးစေ့ပင်တွေ ရှိမှမရှိတော့တာ၊ ဒီလိုမျိုးရေထဲကပဲ ပြန်နှုတ်ရတာပေါ့။ မနှုတ်ရင် ပြန်စိုက်ဖို့မရှိတော့ဘူးလေ၊ ဒီလိုပဲ အပင်ပန်းခံပြီးလုပ်ရတာပေါ့၊ ခုမှဝါဆိုလဘဲရှိသေးတာ။ တစ်လလုံးလုံးမိုးထပ်ရွာဦးမှာ၊ စပါးတော့ ပျက်စီးသွားတာတော့ အသေအချာပဲ” လို့ ကော့ကရိတ်တောင်ပိုင်းဒေသခံ လယ်သမားတစ်ဦးကပြောပါတယ်။
တချို့လယ်သမားတွေအနေနဲ့ ပြန်စိုက်ဖို့ ပျိုးပင်တွေမရှိတော့သလို ငွေကြေးလည်းမတတ်နိုင်တာကြောင့် စိတ်ထိခိုက်နေရတာကို မော်ကွန်းကတွေ့မြင်ခဲ့ရပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ မြန်မာပြည်တောင်ပိုင်းမှာ မြစ်ရေချိန်တွေ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ကာ တစ်နေ့ထက် တစ်နေ့ ရေမြင့်တက်လာဖို့ပဲရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုင်ဖွန်းမုန်တိုင်းအရှိန်နဲ့အတူ အားကောင်းလာတဲ့ မုတ်သုန်လေတွေကြောင့် မိုးများနိုင်တဲ့အကြောင်းကို နိုင်ငံတကာ မိုးလေဝသစောင့်ကြည့်ရေးမိုဒယ်တွေမှာ ပြသထားပါတယ်။
ပုံစာ – ကော်သူးလေဒေသအတွင်း ရေဖုံးလွှမ်းခံရတဲ့လယ်ကွင်းများ။
ဓါတ်ပုံ – Mawkun
Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
Telegram
https://t.me/MawkunMM
Facebook
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkunmagazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

