ရန်ကုန် – ၂၀၂၄ ဇွန် ၂၁ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ မနေ့ကညပိုင်းက စစ်ကောင်စီက လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအရပ်သားတစ်ဦး ဗုံးစထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့ကည ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားဘက်ကနေ ဝိုင်းမော်ကို ဒရုန်းတွေပျံသန်းကာ ပစ်ခတ်ခဲ့ပြီး ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာအနီးက ရာဘာခြံထဲ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဲဒီခြံမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် အဲဒီပစ်ခတ်မှုကြောင့် နမ့်ဝါကျေးရွာဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။
“မြစ်ကြီးနားဘက်ကနေ ဝိုင်းမော်ကို ဒရုန်းတွေပျံပြီး လာပစ်တာ ညက တစ်ညလုံးပဲပစ်ချတာ။ လူတွေလည်း ရွာထဲမနေရဲလို့ ဘုန်းကြီးကျောင်းတွေထဲ၊ တောတွေထဲ ပုန်းလိုက်ရတယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်မှာ ယခုလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ယခုလ ၁၉ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်က ဝူယန်နဲ့ လုမြန်ကျေးရွာတွေအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး KIA တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဝိုင်းမော်၊ ဆဒုံး၊ ကန်ပိုက်တီ၊ စတဲ့ မြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်လာနေတာပါ။
ယခုလ ၁၁ ရက်ကလည်း ဝိုင်းမော်မြို့နယ်က စစ်ကောင်စီရဲ့ ဘွမ်တောင်တပ်စခန်းအပါအဝင် စစ်ဆေးရေးဂိတ်တချို့ကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး KIA ထိုးစစ်ဟာ ကချင်ပြည်နယ်က တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ကန်ပိုက်တီမြို့ကို ဦးတည်နေတယ်လို့ စစ်ရေးလေ့လာသူတချို့က သုံးသပ်ထားပါတယ်။
ပုံစာ – ဗုံးစထိမှန်ခဲ့တဲ့ နမ့်ဝါကျေးရွာ ဘုန်းတော်ကြီးကျောင်း
ဓာတ်ပုံ – ဝါရှောင်ဆရာတော်

