ရန်ကုန်-၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း)
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ထဲမှာ ဒီနေ့မနက်၅ နာရီဝန်းကျင်က လေဆင်နှာမောင်းတိုက်ခတ်လို့ အိမ်ခြေ ခုနစ်ဆယ်ကျော်ပျက်စီးကာ လူဦးရေသုံးရာကျော် လေဘေးဒုက္ခရောက်နေတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက မော်ကွန်းကိုပြောပါတယ်။
ကွမ်းခြံကုန်းမြို့နယ်ထဲက ကညင်ကုန်းနဲ့ ညောင်နီကုန်းရွာနှစ်ရွာကို ရုတ်တရက် လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်အလုံး ၇၀ ပျက်စီးသွားတယ်လို့ လူမှုကူညီရေးအဖွဲ့(ရန်ကုန်)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အိမ်ခြေလုံးဝပျက်စီးသွားတာက ၃၆ လုံး၊ ရွာကနှစ်ရွာ၊ အမိုးအကာလွင့်တဲ့ဟာက ၃၄ လုံးဆိုတော့ ပေါင်း ၇၀ လောက်ပေါ့။ လူထိခိုက်မှု ကြီးကြီးမားမားတော့ မရှိပါဘူးဗျ။ နည်းနည်းရှတာတို့ ပွန်းရှဒဏ်ရာတွေလောက်ပဲရှိပါတယ်ဗျ။ အခုလောလောဆယ်ကတော့ အိမ်တွေကပျက်စီးသွားတာဆိုတော့ (မိုးရွာလို့) အဝတ်တွေရေစိုတော့ အဝတ်အစားတွေလိုပါတယ်ခင်ဗျ” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ လေဆင်နှာမောင်းတိုက်လို့ ပျက်စီးသွားတဲ့လူနေအိမ်တွေနဲ့ ကျိုးကျနေတဲ့ သစ်ပင်ကြီးတွေကို ရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။
လေဘေးကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေက လူဦးရေသုံးရာကျော်ဟာ ဘုန်းကြီးကျောင်းနဲ့ ရွာထဲက မပျက်စီးတဲ့နေအိမ်တွေမှာ ခိုလှုံနေကြရပြီး အကူအညီတွေလိုအပ်နေတယ်လို့ သူကဆိုပါတယ်။
ပုံစာ-လေဆင်နှာမောင်းတိုက်လို့ပျက်စီးသွားတဲ့ နေအိမ်များ။
ဓာတ်ပုံ-ကိုမင်းဦး။

