ကျိုက်လတ် – ၂၀၂၁ အောက်တိုဘာလ ၁၀ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ အမှတ် ၂ လမ်းမှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးမှာ ဒီကနေ့ မနက် ၈ နာရီလောက်က ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လျှပ်စစ်မီတာခ ပြည်သူတွေကို အတင်းအဓမ္မတောင်းယူနေတာတွေပြုလုပ်နေတာကြောင့် သတိပေးတဲ့ အနေနဲ့ ဗုံး ၂ လုံးခွဲခဲ့တာဖြစ်တယ်လို့ ကျိုက်လတ်မြို့နယ် PDF အဖွဲ့က အသိပေးပါတယ်။
ဗုံးပေါက်ကွဲချိန်ဟာ မနက်အစောပိုင်းဖြစ်တာကြောင့် သေဆုံးထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိပေမယ့် ရုံးဝန်းထဲက အမျိုးသမီးတဦး သတိလစ်သွားတာမျိုးတော့ ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုကြိမ်းမောင်းကာ လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ ယခင်က ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့သူတွေကို လိုက်လံဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်လတ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလပိုင်းကစတင်ကာ ဗုံးပေါက်ကွဲမှု ၅ ကြိမ်ထက် မနည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
#Dailynews

