ရန်ကုန် -၂၀၂၃ မေ ၂၉ (မော်ကွန်း)
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း လူငါးဦးထက်မနည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ်ရေ အနည်းဆုံး ၁၄၇ ကြိမ်အထိ စစ်ကောင်စီကကျူးလွန်ထားပြီး နိုင်ငံတစ်ဝန်းမှာ ၁,၅၉၂ သေခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို (၁) ဆန္ဒပြပွဲများကို ဖြိုခွင်းစဉ်သတ်ဖြတ်ခြင်း၊ (၂) လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်စေ၊ လေကြောင်းအကူအညီဖြင့်ဖြစ်စေသတ်ဖြတ်ခြင်း၊ (၃) လက်နက်ကြီးဖြင့်သတ်ဖြတ်ခြင်း၊ (၄) တိုက်ပွဲဖြစ်ပွားစဉ်နဲ့ နယ်မြေရှင်းလင်းရေးလုပ်စဉ် သတ်ဖြတ်ခြင်းနဲ့ (၅) အစုလိုက်အပြုံလိုက် တံဆိပ်ကပ်သတ်ဖြတ်ခြင်းတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တာလို့ဖော်ပြပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေထဲမှာ လေကြောင်းနဲ့ဆက်စပ်ပြီး တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၀၈ ဦးအထိရှိခဲ့ပြီး သတ်ဖြတ်ခံရမှုဖြစ်စဉ်တွေရဲ့ ၃၂ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဖော်ပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၃ ခုမှာ ဖြစ်စဉ်ပေါင်း ၈၁ ကြိမ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၈၈၅ ဦးအထိ အသတ်ခံခဲ့ရတယ်လို့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ပါတယ်။
ပုံစာ -၂၀၂၁ နိုဝင်ဘာ ၅ရက်က သင်္ဃန်းကျွန်းသပိတ်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်မှန်သူတစ်ဦး
Photo – Mawkun
#Dailynews

