မိုးကုတ် – ၂၀၂၄ ဇူလိုင် ၁၀ (မော်ကွန်း)
မန္တလေးတိုင်း ၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ အုန်းကိုင်းရပ်ကွက်၊ လူနေအိမ်ပေါ် အခုလ ၈ ရက် ည ၉း၀၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် တစ်လအရွယ်ကလေးနဲ့ ဖခင်တို့သေဆုံးခဲ့တယ်လို့ အုန်းကိုင်းရပ်ကွက်နေထိုင်သူတွေဆီကသိရပါတယ်။
” ဗျူဟာကနေ လက်နက်ကြီးဆက်တိုက်ပစ်နေတဲ့အချိန်၊ သူတို့မိသားစုကအိပ်ယာမှာအိပ်နေတာ၊ဗျူဟာကပစ်လိုက်တဲ့လက်နက်ကြီး အိမ်ပေါ်တည့်တည့်ကျတာပဲ၊ပေါက်ကွဲတဲ့အသံတောင် အကျယ်ကြီးကြားရတယ်”လို့ အုန်းကိုင်းရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
နေအိမ်ပေါ်လက်နက်ကြီးကျတာကြောင့် အိပ်ပျော်နေသူ တစ်လအရွယ်ကလေးထိမှန်သေဆုံးပြီး၊ ကလေးရဲ့ဖခင်ဖြစ်သူကတော့ မျက်နှာဒဏ်ရာပြင်းထန်ရကာ ဆေးရုံကိုပို့ဆောင်နေတုန်းမှာ သေဆုံးခဲ့တာလို့ သူကပြောပါတယ်။
ကလေး မိခင်နဲ့ အခြားမိသားစုဝင်နှစ်ဦးကတော့ မိုးကုတ်မြို့အရှေ့ပိုင်းပြည်သူ့ဆေးရုံမှာပို့ဆောင်ကုသထားတယ်လို့ ပြောပါတယ်။
အခုလ ၈ရက်က မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ ငါးမိုင်အကွာ အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူပေးခဲ့တာလို့မြို့ခံတွေကပြောပါတယ်။
ဒီနေ့တော့ မိုးကုတ်မြို့တွင်းမှာ ပစ်ခတ်မှုတွေငြိမ်နေပေမယ့် မြို့အရှေ့ပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

