သဇင်လတ်၊ စည်သူ
ရန်ကုန် ၂၀၂၀ စက်တင်ဘာ ၁၈(မော်ကွန်း)
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက ဆီးချိုတတ်ကာသေဆုံးသွားသည့် ဗဟိုစည်အထူးကုဆေးရုံမှသူနာပြုအကူဝန်ထမ်းအမျိုးသမီးတွင် COVID-19 ပိုးကူးစက်ခံထားရကြောင်း လမ်းမတော်မြို့နယ်၊ မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ကိုကိုက ပြောသည်။
” ဆေးရုံကြီးမှာ cause of dead ဆိုတာရှာရတယ်လေ။ သေဆုံးတဲ့ရောဂါကိုရှာတော့ COVID စစ်တယ်ပေါ့။ စစ်တော့တွေ့တယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောသည်။
သေဆုံးသူသည် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိ ဗဟိုစည်ဆေးရုံတွင် COVID -19 ကူးစက်ခံထားရသောလူနာစာရင်းတွင်ပါဝင်ခြင်းမရှိသေးသူဖြစ်သည်။ သေဆုံးပြီးမှသာ COVID -19 ကူးစက်ခံထားရသည်ကို သိရခြင်းဖြစ်သည်ဟု ဒေါက်တာအောင်ကိုကိုကပြောသည်။
စက်တင်ဘာ ၁၀ရက်က ဗဟိုစည် ဆေးရုံ၏ ဝန်ထမ်းသုံးဦးတွင် COVID -19ရောဂါပိုးတွေ့ရှိမှုကြောင့် ထိုဆေးရုံကို အသွားအလာကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားသည်။
ဝန်ထမ်းသုံးဦးနှင့် ဆက်စပ်ထိတွေ့သူများကို ဆေးစစ်ရာတွင် အများစု ရောဂါပိုးတွေ့ရှိရ သော်လည်း အရေအတွက် အတိအကျကို ထုတ်မပြောရန် ညွန်ကြားထားကြောင်း ဒေါက်တာ အောင်ကိုကိုက ပြောသည်။ သို့သော် ပြည်တွင်းမီဒီယာတစ်ချို့တွင် ဖော်ပြချက်အရ ယင်းဆေးရုံတွင် ဆက်စပ် ကူးစက်ခံထားရသူ ၃၀ ကျော် ရှိနေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ယနေ့ နံနက်ပိုင်းအထိ COVID -19 ရောဂါအတည်ပြုလူနာ ၄,၂၉၉ ဦးရှိနေပြီး သေဆုံးသူ ၆၈ ဦးနှင့်ပြန်လည်သက်သာလာသူ ၉၄၄ ဦး ရှိသည်။
Photo- Si Thu
#Dailynews

