ရန်ကုန် – ၂၀၂၄ ဇွန် ၂၅ (မော်ကွန်း)
စစ်ကောင်စီအာဏာပိုင်တွေက မနေ့တုန်းက လာရောက်တားမြစ်ပြီးနောက် ရန်ကုန်မြို့က လက်လီရောင်းတဲ့ ဈေးဝယ်စင်တာတွေမှာ ဆန်မရောင်းချပေးတော့ဘူးလို့ အဲဒီဆိုင်တွေက အရောင်းဝန်ထမ်းတချို့က ပြောပါတယ်။
“ လူကြီးတွေ (အာဏာပိုင်တွေ) က လာပြောသွားတယ်။ ဆန်နဲ့ ဆီပေါ့၊ အဲဒါတွေ မတင်ရဘူး၊ မရောင်းရဘူးဆိုပြီး လိုက်ပြောတော့ ကျွန်တော်တို့ One Stop Mart တွေမှာတော့ ဆန်နဲ့ ဆီပေါ့၊ အဲဒီနှစ်ခုကို သိမ်းလိုက်တယ်။ အရောင်းရပ် လိုက်တာပေါ့” လို့ ရန်ကုန်မြို့က One Stop Mart ဆိုင်က အရောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ယခင်ဆန်နဲ့ဆီတွေရောင်းချပေးတဲ့ အဲဒီဆိုင်က စင်တွေပေါ်မှာ အခြားကုန်ပစ္စည်းတွေ တင်ရောင်းထားတာကို မော်ကွန်းက တွေ့ရပါတယ်။
ရန်ကုန်မြို့မှာ လက်လီအရောင်းဈေးကွက်အတွင်း နာမည်ကြီးတခြားဆိုင်တွေဖြစ်တဲ့ Makro, Market Place ၊ City Mart ၊ စိန်ဂေဟာနဲ့ ဂမုန်းပွင့်လို ကုန်တိုက်တွေမှာလည်း ဆန်မရောင်းပေးတော့ဘဲ သိမ်းထားတာကို တွေ့ရပါတယ်။ စားသုံးဆီကိုတော့ အဲဒီဆိုင်တွေမှာ ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။
အဲဒီဆိုင်တွေက ဝန်ထမ်းတချို့ကို မေးကြည့်ရာမှာတော့ သူတို့လည်း One Stop Mart ဆိုင်တွေလိုပဲ တားမြစ်ခံရတာကြောင့် မရောင်းပေးတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ ဆန်းစပါးအသင်းချုပ်ဥက္ကဌအပါအဝင် ဆန်နဲ့ပတ်သက်တဲ့ ကုန်သည်တွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးတာ၊ တချို့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းတာတွေလုပ်ခဲ့သလို ဆန်ဈေးနှုန်းကို သတ်မှတ်ပေးလိုက်ပြီး အဲဒီဈေးထက်ပိုရောင်းသူတွေကို မြေပြင်မှာ စစ်ဆေးအရေးယူတာတွေ လုပ်ဆောင်နေတယ်လို့ ဆန်ရောင်းသူတချို့ ပြောပါ တယ်။
အများပြည်သူအနေနဲ့ ဆန်ကုန်စည်ဒိုင်တွေမှာ အိမ်ထောင်စုတစ်စုကို တစ်လလျှင် ဆန်ကြမ်းတစ်အိတ်၊ ဆန်ချောတစ်အိတ် မှတ်ပုံတင်ပြ ဝယ်ယူနိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး မနေ့ကတည်းက စတင်ရောင်းချပေးနေပါတာကို တွေ့ရ ပါတယ်။
မြေပြင်ဈေးကွက်မှာ တစ်အိတ်ကို ကျပ်တစ်သိန်းကျော်နေတဲ့ ဧည့်မထဆန်ကို ၇၂,၀၀၀ နဲ့ ၇၅,၀၀၀ ကျပ်ကြား၊ ဈေးကွက်မှာ တစ်အိတ်ကို ၁၇၀,၀၀၀ ဝန်းကျင်ရှိတဲ့ ရွှေဘိုပေါ်ဆန်းမွှေးဆန်ကို ၁၃၅,၀၀၀ နဲ့ ၁၄၅,၀၀၀ ကျပ်ကြားနဲ့ ရန်ကုန်ရဲ့ဆန်ဖြန့်ချိရာ အဓိကကုန်စည်ဒိုင်တွေဖြစ်တဲ့ ဘုရင်နောင်နဲ့ ဝါးတန်းကုန်စည်ဒိုင်တွေမှာ ရောင်းပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
အချိန်ပေးနိုင်သူတချို့ကတော့ အဲဒီဆန်ကုန်စည်ဒိုင်တွေရှေ့မှာ တန်းစီစောင့်ဆိုင်ဝယ်ယူနေတာတွေကိုတွေ့ရပြီး မနက် ၉ နာရီကနေ ညနေ ၃နာရီခွဲအထိ နေ့စဉ်ရောင်းချပေးမယ်လို့ ဆိုပါတယ်။
အခုလိုဈေးချရောင်းပေးတာကို အများပြည်သူလက်လှမ်းမီစေချင်ရင် အခြေခံလူတန်းစားတွေ နေထိုင်တဲ့ ရပ်ကွက်ဈေးတွေမှာ အလွယ်တကူဝယ်ယူလို့ရအောင် စစ်ကောင်စီအနေနဲ့ လုပ်ပေးသင့်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
“ ကျွန်မတို့က ဆန်တစ်အိတ်အတွက် အဲဒီကုန်စည်ဒိုင်ထိသွားသယ်ရမှာလား။ ကားခနဲ့ သယ်ယူစရိတ်တွေနဲ့။ ပြီးတော့ အဲဒီလောက်ထိ အချိန်မပေးနိုင်ဘူးလေ။ လူတိုင်းကလည်း အိတ်လိုက် မဝယ်နိုင်ဘူး။ ရပ်ကွက်ထဲမှာက ၅ ပြည်၊ ၁၀ ပြည် အိတ်ဆွဲစားတဲ့သူတွေဆို သူတို့ရောင်းပေးနေတဲ့နေရာကို မလာနိုင်ဘူးလေ” လို့ သူက မှတ်ချက်ပြုပါတယ်။
ဒလမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးကတော့ နေ့စဉ် ပြည်ချင်နဲ့ ဆန်ဝယ်စားနေရတဲ့သူတွေဖြစ်တာကြောင့် အခုလို ရက်ကွက်အတွင်းက လက်လီဆိုင်တွေ ဖမ်းဆီးအရေးယူခံရမှာကြောက်လို့ မရောင်းပေးတော့ရင် ပိုဒုက္ခရောက်ဖို့ပဲရှိတယ်လို့ ဆိုပါတယ်။
“ တစ်ရက်တစ်ခါ ဝယ်စားနေကြရတာ။ သူတို့ပြောတဲ့နေရာအထိ သွားဝယ်စားနိုင်တဲ့ဟာမှမဟုတ်တာ။ ရပ်ကွက်ထဲက ဆိုင်တွေပါ ပိတ်ကုန်ရင်တော့ ဒုက္ခပါပဲ” လို့ အထက်ပါ အိမ်ရှင်မက ညည်းပါတယ်။
ဒါပေမဲ့ အခုလို အရေးယူမှုတွေကြောင့် အောက်ခြေရက်ကွက်တွေမှာ ရောင်းချနေတဲ့ လက်လီဆန်ဆိုင်တွေဟာ ဈေးနှုန်းဖော်ပြ ရောင်းချမှုကို ရပ်တန့်လိုက်ပြီး လူရင်းတွေကို လက်သိပ်ထိုးရောင်းတဲ့ ဈေးကွက်အသွင်ကိုပြောင်းထားရတယ်လို့ ဆန်ရောင်း သူတချို့က ပြောပါတယ်။
“ လောလောဆယ် ဆန်ဈေးနှုန်းကို မသတ်မှတ်ဘဲ ကိုယ့်ဖောက်သည်လာမှပဲ ဘယ်ဈေးနှုန်းဆိုတာပြောပြီး လက်သိပ်ထိုး ရောင်းတဲ့ အခြေအနေဖြစ်သွားတယ်။ ဈေးနှုန်းကပ်ထားရင် ပြဿနာအရှာခံရမှာစိုးလို့။ ဆိုင်ကိုတော့ ဖွင့်တော့ ဖွင့်ထားတယ်” လို့ တောင်ဒဂုံမြို့နယ်က ဆန်လက်လီရောင်းချသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ယခုလ ၂၂ ရက်နေ့က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်၊ ဦးနေလင်းဇင်တို့အပါအဝင် ဘုရင့်နောင်ကုန်စည်ဒိုင်က ဆန်ကုန်သည်တွေနဲ့ ဆန်အဓိကထွက်ရှိရာ ဧရာဝတီတိုင်းက ဆန်ကုန်သည်ကြီး တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေသလို ဆန်သိုလှောင်ရုံတွေကိုလည်း ချိတ်ပိတ်ထားတယ်လို့ ဆန်ကုန်သည် အသိုင်းအဝိုင်းက ပြောပါတယ်။
စစ်ကောင်စီဟာ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကို ဖမ်းဆီးအရေးယူပြီးဖြေရှင်းနေတာ အခုလို ဆန်ဈေးကွက်တစ်ခုတင်မကပဲ စားအုန်းဆီ၊ ရွှေနဲ့ ဒေါ်လာဈေးကွက်တွေမှာလည်း ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ဈေးကစားနေတယ်ဆိုကာ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတာပါ။
ယခုလဆန်းပိုင်းက နာမည်ကြီးရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဝရမ်းထုတ်ကာ ရွှေဈေးနှုန်းကို သတ်မှတ်ခဲ့ပေမယ့် ရွှေဈေးကွက်ပျက်ပြီး ရွှေအရောင်းအဝယ်ပါ ရပ်တန့်နေပါတယ်လို့ ရွှေကုန်သည်တချို့က ပြောပါတယ်။
ဆန်ကုန်သည်တချို့ကတော့ ဈေးကွက်ကို အခုလို အာဏာနဲ့ထိန်းနေတာဟာ ဈေးကွက်ပျက်ရုံကလွဲလို့ ဘာမှထူးခြားလာမှာမဟုတ်ဘဲ ပိုလို့သာ ဒုက္ခရောက်ကြရဖို့ ရှိတယ်လို့ မှတ်ချက်ပြုကြပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ ဒီဘဏ္ဍာနှစ် ပထမနှစ်လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲမက်ထရစ်တန်ချိန် ၁၈၃,၀၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် ရရှိထားတယ်လို့ ဆိုပါတယ်။
ပုံစာ – City Mart ကုန်တိုက်က ဆန်ရောင်းချတဲ့အတန်းမှာ နေရာလွတ်ဖြစ်နေတာကို ယနေ့တွေ့ရပုံ
ဓာတ်ပုံ – မော်ကွန်း

