ဂေထော
ရန်ကုန် – အောက်တိုဘာ ၇ (မော်ကွန်း)
ညီညွတ်သောတိုင်းရင်းသားများလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)၏ ကော့မှူးမြို့နယ်တွင် ဝင်ရောက်ယှဥ် ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်များ စိုက်ထူခွင့်မရကြောင်း ပါတီ၏ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က မော်ကွန်းသို့ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ကော့မှူးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌထံ ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူချိတ်ဆွဲခွင့်ပြုရန် စာတင်ထားခဲ့သည်ဟု သူကဆိုသည်။
“ငါးကြိမ်တိတိ ကျွန်တော်တို့သွားပြောခဲ့ပြီးပြီ။ ဆိုင်းဘုတ်ထောင်မယ့်နေရာတွေကို ဓာတ်ပုံရိုက်ပို့ပါဆိုပြီး ဓာတ်ပုံရိုက်ပို့ပြီးပြီ။ အဲဒါကိုလည်း ဒီနေ့အထိဆိုင်းဘုတ်တင်ခွင့်မပေးဘူး။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ COVID ပြီးမှဆိုင်းဘုတ်ကို တင်ပါဆိုပြီး ကျွန်တော်တို့ကိုပြောတယ်”ဟု ဦးဒေးဗစ်လှမြင့်က ပြောသည်။
ပါတီ၏အောင်နိုင်ရေးဆိုင်းဘုတ်များကိုတင်သည့်အခါ ဆိုင်းဘုတ်ထောင်ပေးမည့်အလုပ်သမားနှစ်ဦးနှင့် ပါတီဝင်တစ်ဦးကသာ ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းအနေနှင့် စည်ပင်မြို့နယ်ဦးစီးမှူးကို ရှင်းပြခဲ့သော်လည်း COVIDပြီးမှသာ ခွင့်ပေးမည်ဟုအကြောင်းပြန်ခဲ့သည်။
ကော့မှူးမြို့နယ်၊စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးလေးကိုကိုက “သူတို့ရဲ့(အောင်နိုင်ရေးဆိုင်းဘုတ်) ထောင်ရမယ့်ရက်၊ အကယ်၍ Stay at Home ကာလနဲ့ ရက်နဲ့တိုက်ဆိုင်ရင် သူတို့သက်ဆိုင်ရာ COVID-19 ထိန်းချုပ်ရေးနဲ့အရေးပေါ်တုန့်ပြန်ရေးကော်မတီနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်ရမှာလေ”ဟု သူက ပြောသည်။
ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်များစိုက်ထူသည့်အခါ စည်ပင်သာယာနယ်နိမိတ် သတ်မှတ်ထားသောနေရာဖြစ်ပါက သက်ဆိုင်ရာမြို့နယ်စည်ပင်ရုံးများတွင် ကျသင့်အခွန် ဆောင်ရမည်ဖြစ်သည်။ ယင်းဆိုင်းဘုတ်များထောင်ရန် ခွင့်ပြုခြင်း၊ခွင့်မပြုခြင်းသည် စည်ပင်သာယာရေးကော်မတီအနေနှင့်မသက်ဆိုင်ကြောင်း ဦးလေးကိုကိုက ရှင်းပြသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကော့မှူးမြို့နယ်၊COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။
ကော့မှူးမြို့နယ်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဥက္ကဌ ဦးထင်အောင်က “ ဒါသူ့ဌာနရဲ့လုပ်ပိုင်ခွင့်၊ ကျွန်တော်တို့သွားပြီးဝင်စွက်ဖက်တော့ မရဘူး။ သူ့ဌာနရဲ့စည်းမျဥ်းစည်းကမ်းရှိမယ်။ ဆုံးဖြတ်ပိုင်ခွင့်ရှိမယ်”ဟုဆိုသည်။
ထိုအခြေအနေများကြောင့် ကော့မှူးမြို့နယ်အတွင်းပါတီ၏အောင်နိုင်ရေးဆိုင်းဘုတ်ထောင်ခွင့်ကိစ္စ ဆက်လက်ဆောင်ရွက်ရန်မလွယ်ကူတော့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဦးဒေးဗစ်လှမြင့်ကဆိုသည်။
ညီညွတ်သောတိုင်းရင်းသားများလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)သည် လာမည့် အထွေထွေရွေးကောက်ပွဲအတွက် တိုင်းဒေသကြီး ငါးခုနှင့်ပြည်နယ် နှစ်ခုတွင် ကိုယ်စားလှယ်လောင်း ၃၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပုံစာ -ကရင်ပြည်နယ်၊ဘားအံမြို့အဝင်တွင် စိုက်ထူထားသော UNDP ပါတီ၏အောင်နိုင်ရေးဆိုင်းဘုတ်။
ဓာတ်ပုံ-ဂေထော
#Dailynews

