ဂေထော
ရန်ကုန် – ၂၀၂၀ ဇန်နဝါရီ ၂၄

ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ ယမန်နေ့ညကခုန်ချခဲ့သော ဆယ်ကျော်သက်တစ်ဦး၏ အလောင်းကို ယနေ့နံနက် ၁၀ နာရီခန့်တွင် ၎င်းတံတားအောက်မှပင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။
“ ဒီနေ့မနက် ၈ နာရီလောက်မှာ ငုပ်တာ ၁၀ နာရီလောက်မှာ တွေ့ပါတယ်လို့ ပြောပါတယ်။ အသက်မရှင်တော့ပါဘူး၊ dead body ကို ဆေးရုံသယ်သွားပါပြီ” ဟု ၎င်းအဖွဲ့မှ တာဝန်ရှိသူက မော်ကွန်းသို့ပြောသည်။
ခုန်ချသူမှာ ကျောက်ဆည်မြို့ စက်မှုလက်မှုသိပ္ပံကျောင်း၌ တက်ရောက်နေသည့် ကိုရဲဝင့်ကျော်ဖြစ်ပြီး ယမန်နေ့ ညနေ ၆ နာရီခွဲကျော်၌ ဧရာဝတီတံတား (ရတနာပုံ)၊ မန္တလေးဘက်ခြမ်းမှ ခုန်ချခဲ့ပြီး တံတားပေါ်တွင် ၎င်း၏ကျောပိုးအိတ်၊ ဖိနပ်နှင့် ကျောင်းသားကတ်များကျန်ရှိခဲ့သည်။
စစ်ကိုင်း ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ SERT ကယ်ဆယ်ရေးအဖွဲ့ မှ ဧရာဝတီမြစ်အတွင်း ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ည ၉ နာရီခွဲအချိန်ခန့်တွင် ရပ်ဆိုင်းခဲ့ပြီး ယနေ့မနက် ၈ နာရီတွင် ပြန်လည်ရှာဖွေရာ ၁၀ နာရီခွဲခန့်တွင် အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
သတင်းဓာတ်ပုံ – အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း
#dailynews

