ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ TNLA စစ်ရေးတင်းမာ၊ သီပေါ-နမ္မတူလမ်းပိုင်းကို စစ်ကောင်စီပိတ်ဆို့

ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ TNLA စစ်ရေးတင်းမာ၊ သီပေါ-နမ္မတူလမ်းပိုင်းကို စစ်ကောင်စီပိတ်ဆို့

ရန်ကုန် – ၂၀၂၄ ဇွန် ၁၃ (မော်ကွန်း)

စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းမြောက်ဒေသမှာ တအောင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာနေပြီး နမ္မတူနဲ့သီပေါကြားလမ်းပိုင်းကို စစ်ကောင်စီက ဖြတ်တောက်ထားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

သီပေါကနေ TNLA ထိန်းချုပ်နယ်မြေ နမ္မတူကိုဖြတ်သန်းသွားတဲ့လမ်းပိုင်းကို စစ်ကောင်စီဘက်က သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက်ကစပြီး စစ်ကောင်စီဘက်က ကန့်လန့်ဖြတ်မြောင်းတူးကာ ယာဉ်တွေသွားလာလို့မရအောင် မနေ့ကစတင်ပိတ်ဆို့လိုက်တာပါ။

“သီပေါမြို့ကနေ နမ္မတူအထွက်လမ်းပိုင်းကို ပိတ်ထားတာပေါ့။ အခုတော့ မန္တလေးကနေ မူဆယ်ဘက်တက်မယ့်ကားတွေ တခြားလမ်းက ပြောင်းတက်မှရမယ်။ ဘယ်လောက်ကြာ ပိတ်ထားမယ်တော့ မသိသေးဘူး” လို့ အဲဒီလမ်းကြောင်းမှာ ကုန်ပစ္စည်းပို့ဆောင်နေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဒါဟာ TNLA အုပ်ချုပ်နေတဲ့ နမ့်ဆန်နဲ့ နမ္မတူဒေသတွေကို ကုန်စည်စီးဆင်းမှုနဲ့ အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်တာဖြစ်တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သူတို့ရဲ့ Telegram စာမျက်နှာမှာ မနေ့ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နောင်ချို၊ မိုးမိတ်အစရှိတဲ့ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို နေ့စဉ် လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အပြင် အခုလို ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပင်လာတာဟာ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေအကြား သဘောတူထားတဲ့ ဟိုင်ဂင်အပစ်ရပ်သဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဲဒီလုပ်ရပ်နဲ့ပတ်သက်လို့ လိုအပ်တဲ့တုံ့ပြန်မှု ပြုလုပ်သွားမယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာတချို့ကို ပြောထားပါသေးတယ်။
ယခုလ ၉ ရက်ကလည်း မိုးမိတ်မြို့နယ်မှာရှိတဲ့ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ သုံးကြိမ်ပစ်ခတ်ကာ ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချခဲ့လို့ TNLA တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

TNLA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းမြောက်ဒေသက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်ခဲ့ကာ TNLA ဟာ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့နှင့် မိုင်းလုံမြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီဒေသတွေမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို စတင်အကောင်အထည်ဖော်နေတာပါ။

ယခုနှစ် ဇန်နဝါရီလမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့အတူ ဟိုင်ဂင်သဘောတူညီမှုနဲ့အတူ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်တွေအကြား အပစ်အခတ်ရပ်စဲခဲ့ကြတာပါ။

ပုံစာ – စစ်ကောင်စီက ပိတ်ဆို့လိုက်တဲ့ သီပေါ-နမ္မတူလမ်းပိုင်း
ဓာတ်ပုံ – TNLA သတင်းနှင့်ပြန်ကြားရေး

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."