ခင်ဦး-၂၀၂၃ ဩဂုတ် ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲကကျေးရွာတွေကို ဒီနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံရှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းမှာ အင်အားတစ်ရာဝန်းကျင်နဲ့ ခြေလျင်စစ်ကြောင်းတစ်ခု၊ အနောက်တောင်ခြမ်းမှာ စစ်ကြောင်းတစ်ခုနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကျေးရွာတွေကို စီးနင်းနေတာလို့ သူကပြောပါတယ်။
“ခွေးတွေက ရွာသန်းကျေးရွာထဲကိုဝင်ပြီး ကင်းတဲတွေ မီးရှို့သွားတယ်၊ ရှို့ပြီးတော့ အခုပြန်ထွက်သွားတယ်။ အိမ်တွေတော့မရှို့ဘူး။ ကင်းတဲတွေရှို့သွားတာ။ ဒေသခံက တောင်ခြမ်းမှာ ငါးထောင်ဝန်းကျင်၊ အင်းပတ်ကွေ့ဘက်ကပြေးရတာက သုံးထောင်ကျော် အားလုံးရှစ်ထောင်ကျော်ပြေးရတာပေါ့။ လတ်တလောတော့ကျေးရွာတွေကို ပြန်ကပ်လို့မရသေးဘူး” လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။
ဒီမနက်ပိုင်းမှာပဲ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာလို့ ရေဦးမြို့ကနေ လက်နက်ကြီးနဲ့ ခင်ဦးမြို့နယ်ထဲကရွာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။
“ခင်ဦးအနောက်တောင်ခြမ်း အင်းပက်ကွေ့စစ်ကြောင်းနဲ့ကတော့ ထိတွေ့မှုဖြစ်တယ်။ အင်းပတ်ကွေ့ ဈေးတန်းအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရွာသစ်ကုန်းပျူတွေနဲ့တော့ မနက်ပိုင်းမှာ မြို့နယ်ပကဖတွေကော ဒေသခံကာကွယ်ရေးအဖွဲ့တွေကောပေါင်းပြီး တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးရမ်းပစ်တာ၊ မရမ်းအင်းကျေးရွာက ဒေသခံလေးဦးထိခိုက်ဒဏ်ရာရတယ်။” လို့ သူကပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က နှစ်ယောက်သေကာ လေးယောက်အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ Khin U Specialforce Organization-KSO က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မရမ်းအင်းရွာက ထိခိုက်ဒဏ်ရာရသူ လေးဦးဟာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းတွေရန်ကြောင့် ခင်ဦးမြို့နယ်ထဲက ရေအေးကုန်း၊ ကျီးကန်၊ ပန်းတွင်း၊ လက်ပန်လှ၊ ရွာသန်း၊ အင်းပတ်၊ မြကန်၊ ချမ်းသာကုန်း စတဲ့ရွာတွေက ဒေသခံ ရှစ်ထောင်ကျော် လက်ရှိအချိန်အထိ ကျေးရွာထဲပြန်မဝင်နိုင်ဘဲ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ပုံစာ-ခင်ဦးမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းနှစ်ကြောင်းထိုးနေတာကြောင့် ဒေသခံရှစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

