ရန်ကုန်-၂၀၂၄ မေ ၂၁ (မော်ကွန်း)
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခံရသူတွေ လာရောက်ဖို့ပျက်ကွက်ရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက မနေ့ကပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။
အဲဒီ့အပြင် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၃ အတွက် လျာထားချက်ပြည့်မီအောင်ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံထားကြဖို့လည်း တိုင်းနဲ့ပြည်နယ်အသီးသီးက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌတွေကို မှာကြားခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းစစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက“စစ်မှုမထမ်းချင်လို့မရဘူး၊ ဘယ်လိုမှရှောင်မရဘူးလေ။ မင်းတို့အခုရှောင်လည်း နောက်ကျပါမှာပဲ။ စာရင်းပါလို့ထွက်ပြေးတာ၊ ရှောင်တာဆိုရင် မိရင်ထောင်လည်းကျမယ်။ ထောင်ကပြန်လွတ်ရင်လည်း စစ်ထဲတန်းဝင်ရမှာပဲလေ။ ဒါကရေရှည်လုပ်ထားတာဆိုတော့ ဘယ်လိုမှရှောင်လို့မရဘူး” လို့ ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၂၃ အရ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ်သုံးနှစ်နဲ့ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အခုနှစ်ဖေဖော်ဝါရီက အတည်ပြုပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းက လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေကို နည်းမျိုးစုံနဲ့ထွက်ခွာတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဝင်ရောက်ပူးပေါင်းတာတွေရှိလာပါတယ်။
“ဘာလို့ဝင်ရမှာလဲ။ စစ်ထဲတော့မဝင်ပါဘူး။ စစ်တိုက်ချင်ရင် အစကတည်းက ဝင်မှာပေါ့။ ဒုတိယအသုတ်ခေါ်တော့ စာရင်းပါတယ်။ ဒါပေမယ့် ရှောင်နေလိုက်တာ။ ရပ်ကွက်ထဲမပြန်တော့ဘူး။ အခုထိုင်းသွားဖို့ပြင်နေတယ်။ ရတဲ့လမ်းကနေသွားရမှာပေါ့။ ဟိုကျ ဘာအလုပ်ပဲရရလုပ်မှာ” လို့ တောင်ဥက္ကလာမြို့နယ်က စစ်မှုထမ်းဆင့်ခေါ်ခံရသူတစ်ဦးကပြောပါတယ်။
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကလည်း မနေ့ကလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အစည်းအဝေးမှာ အရင်ဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ်တွေမှာ ကြုံရတဲ့ အတွေ့အကြုံတွေအရ စစ်မှုထမ်းလျာထားချက် ပြည့်မီရေးဆောင်ရွက်ရာမှာ အခက်အခဲဖြစ်ပေါ်ခဲ့လို့ အစားထိုးဖြည့်တင်းမှုတွေရှိခဲ့ပြီး လာမယ့်အပတ်စဉ်တွေမှာတော့ စနစ်တကျစီမံဆောင်ရွက်ကြဖို့လိုတယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဧပြီလမှာ စစ်မှုထမ်းသင်တန်း ပထမအသုတ်အဖြစ် လူငယ် ၅,၀၀၀ ကို စစ်သင်တန်း စတင်ပေးခဲ့ပြီး အခုလ ၁၄ ရက်မှာလည်း ဒုတိယအသုတ် စစ်သင်တန်းတွေကို စတင်ပေးနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
လူငယ်တွေဟာ မိမိတို့ ဆန္ဒအလျောက် စစ်မှုထမ်းဖို့ ဝင်လာသူတွေလို့ စစ်ကောင်စီက ဝါဒဖြန့်နေပေမယ့် နေရာဒေသအသီးသီးက လူငယ်တွေဟာ အတင်းအကျပ် စစ်သားစုဆောင်းခံနေရပါတယ်။
အသက် ၂၄ နှစ်နဲ့ ၃၀ ကြား လူငယ်လူရွယ်တွေကို စစ်ကောင်စီက အဓိကထားစုဆောင်းနေတာဖြစ်ပြီး အဲဒီ အသက်အပိုင်းအခြားလူငယ်တွေကို စစ်ကောင်စီက ပြည်ပထွက်အလုပ်လုပ်ခွင့်တွေပါ ကန့်သတ်ထားပါတယ်။
ပုံစာ-စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ ခေါ်ဆောင်ထားတဲ့လူငယ်တွေကို စစ်သင်တန်းပေးနေစဉ်။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်ချန်နယ်။

