ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း)
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရတနာလမ်းပေါ်က YP ဆီဆိုင်မှာ ပြီးခဲ့တဲ့နှစ်ရက်က ဆီတန်းစီရင်း ရှေ့ကဖြတ်ဝင်လို့ ဆိုင်ကယ်သုံးဘီးကယ်ရီသမားတွေ ရန်ဖြစ်ပြီး သံပိုက်နဲ့ဝိုင်းရိုက်၊ စကေဘာနဲ့ထိုးလို့ ကယ်ရီသမားတစ်ဦး ခေါင်းမှာပြင်းထန်ဒဏ်ရာနဲ့ လက်နဲ့ခြေထောက်မှာ ပြတ်ရှဒဏ်ရာတွေရခဲ့ပါတယ်။
နာရီနဲ့ချီပြီး နေပူထဲတန်းစီဆောင့်ဆိုင်းနေရင်း ဆီရောင်းချပေးတဲ့အခါ ရှေ့ကနေဖြတ်ဝင်လို့ မဝင်ဖို့ပြောတဲ့ကယ်ရီသမားကို ဖြတ်ဝင်တဲ့ကယ်ရီသမားကမကျေနပ်တာကြောင့် အခြားနှစ်ယောက်ကိုပါအကူခေါ်ပြီး ဆီဆိုင်အထွက်မှာ သံပိုက်နဲ့ဝိုင်းရိုက်၊ တစ်ယောက်က စကေဘာနဲ့ထိုးလိုက်တာလို့ မျက်မြင်တွေ့သူတွေကပြောကြပါတယ်။
“ရှေ့ကသံပိုက်နဲ့စရိုက်တဲ့တစ်ယောက်ကို ဝင်လုံးနေတုန်း ဘယ်ကရောက်လာမှန်းမသိတဲ့နှစ်ယောက်က နောက်ကနေ သံပိုက်နဲ့ဝင်ရိုက်တာ၊ နောက်တစ်ယောက်က စကေဘာနဲ့ထိုးတာ။ သုံးယောက်တစ်ယောက်ဆိုတော့ ဂျက်လီလည်းမဟုတ်ဘူး၊ ဂျက်ကီချမ်းလဲမဟုတ်ဘူး၊ ခံရတာပေါ့” လို့ အရိုက်ခံလိုက်ရတဲ့ ကယ်ရီသမားရဲ့ သူငယ်ချင်းတစ်ယောက်က ဖြစ်စဉ်ကိုပြောပြတယ်။
အရိုက်ခံရတဲ့ကယ်ရီသမားဟာ သင်္ဃန်းကျွန်းစံပြဆေးရုံကိုတက်ရောက်ခဲ့ရပြီး ဦးခေါင်းမှာ ရှစ်ချက်၊ ညာလက်သန်းပြတ်ရှဒဏ်ရာကို လေးချက်နဲ့ ခြေသလုံးမှာသုံးချက်ချုပ်ရပါတယ်။
ဝိုင်းရိုက်တဲ့အထဲကနှစ်ယောက်ကိုဖမ်းမိပေမယ့် အမှုဖွင့်ရင် နှစ်ဖက်စလုံး ငွေကုန်၊ အချိန်ကုန် ဖြစ်မှာစိုးတာကြောင့် ရပ်မိရပ်ဖတွေကလိုက်လံညှိနှိုင်းပေးပြီး ကျပ်ခြောက်သိန်းလျော်ကြေးနဲ့ ကျေအေးလိုက်တယ်လို့ ဆိုပါတယ်။
ပုံစာ – အခင်းဖြစ်ပွားခဲ့သည့် YP စက်သုံးဆီဆိုင်
Photo – Supplied

