ရန်ကုန် – ၂၀၂၃ ဧပြီ ၆ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောဖျားချောင်း ဒေသမှာရှိတဲ့ စစ်ရှောင်စခန်းသုံးခုက စစ်ဘေးရှောင်ငါးရာကျော် စားနပ်ရိက္ခာပြတ်လို့ အခက်အခဲကြုံနေရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်အသင်း P.D.Y.O က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“တစ်ခါတလေ ကြားပုဂ္ဂလိကအလှူရှင်တွေ အဖွဲ့အစည်းလေးတွေလာရင် ရတာလေးတွေစားတယ်၊ ဝါးခုတ်မျှစ်ခုတ်လို့ရောင်းစားနေရတာ သူတို့က။ ဒါပေမယ့် အခုကသင်္ကြန်နားနီးပြီဆိုတော့ ဝယ်မယ့်သူလည်းမရှိတော့ဘူး၊ ရောင်းလည်းမရောင်းရ စားစရာလည်းမရှိ အဲ့လိုအခက်အခဲ ဖြစ်နေတာ” လို့ပြောပါတယ်။
အိမ်အသုံးဆောင်ပစ္စည်းတွေသာရရှိပြီး အဓိကဖြစ်တဲ့ ဆန်နဲ့ စားနပ်ရိက္ခာ မရတာကြာပြီဖြစ်လို့ ထမင်းတစ်နပ်စားရဖို့ အတော်ခက်ခဲနေတယ်လို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာ အဲဒီစခန်းတွေက စစ်ရှောင်တွေဟာ ထမင်းကျန်တွေကိုမပစ်ဘဲ အခြောက်လှမ်းထားတဲ့ထမင်းခြောက်တွေကိုပါ ပြန်ကျိုချက်စားသောက်နေရတဲ့အထိ အခက်ခဲကြုံနေရတယ်လို့ သိရပါတယ်။
အဲဒီ စစ်ဘေးရှောင်စခန်းသုံးခုဟာ ခွေးထီး၊ အထက်သင်ပုန်းတန်းနဲ့ ဖားကြွယ်ဝ စတဲ့စခန်းတွေကဖြစ်ပြီး အိမ်ထောင်စု ၈၈ စုရှိကာ လူဦးရေ ၅၁၆ ဦးရှိတယ်လို့ သိရပါတယ်။
ပုံ-စစ်ဘေးရှောင်များအား အသုံးဆောင်ပစ္စည်းများပေးအပ်နေပုံ
Photo-PNG Development Youth Organization(PDYO)
#Dailynews

