ယင်းမာပင်-၂၀၂၄ မေ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက တရုတ်ကြေးနီစီမံကိန်းတွေဖြစ်တဲ့ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ ကြေးနီသတ္ထုတွင်း စီမံကိန်းတွေကို ပြန်လည်စတင်ဖို့ လုပ်ဆောင်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အင်အားစုတွေက မနေ့ကတောင်းဆိုလိုက်ပါတယ်။
“အဲဒီလုပ်ငန်းရဲ့ ရတဲ့အရာတွေအားလုံးကလည်း တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားပဲဖြစ်တယ်။ အဲဒီလိုလည်ပတ်ဖို့ကြိုးစားနေတဲ့ အခင်းအကျင်းသည် ကျွန်တော်တို့ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ စစ်တပ်အတွက် ဝင်ငွေရသွားစေတဲ့ အခြေအနေပဲဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့က အဲဒီကိစ္စတွေအပေါ်မှာ လက်ခံနိုင်စရာမရှိကြောင်းကို သပိတ်အင်အားစုတွေက ပြည်သူလူထုအသံအနေနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်” လို့ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ တာဝန်ခံ ကိုလွမ်းသူက ပြောပါတယ်။
တရုတ်ကြေးနီစီမံကိန်းတွေက အလုပ်သမားအများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ လုပ်ငန်းတွေဒီနေ့အထိ ရပ်တန့်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တရုတ်စီမံကိန်တွေရဲ့ လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီတပ်တွေက မုံရွာ-ပုသိမ်လမ်းပိုင်းမှာ နေရာယူထားပြီး အနီးကရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ဒေသခံအလုပ်သမားတွေကို ငွေကြေးအရ သိမ်းသွင်း၊ ခြောက်လှန့်၊စည်းရုံးတာတွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေညီညွတ်ရေးပြိုကွဲစေဖို့ ပစ်မှတ်ထားဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်း သပိတ်အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
“အဲဒီစီမံကိန်းတွေကို လုံခြုံရေးယူတယ်ဆိုတဲ့အနေနဲ့ မုံရွာ-ပုသိမ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ် နေရာယူထားတဲ့အခါကျတော့ ပြည်သူပေါင်းထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်။ ကျေးရွာ ၁၀ ရွာဝန်းကျင်က(ထွက်ပြေးတိမ်းရှောင်ရတဲ့) ဒေသခံရှစ်ထောင်နဲ့ တစ်သောင်းကြားမှာရှိတယ်။ အကြမ်းဖက်စစ်တပ်က ဧပြီ ၂၃ ရက်ကနေစပြီးတော့ လမ်းပိုင်းစိုးမိုးမှုနေရာယူထားတာ ကနေ့အချိန်ထိပဲဖြစ်ပါတယ်” လို့ ကိုလွမ်းသူကပြောပါတယ်။
တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ မြန်မာဝမ်ပေါင်၊ မြန်မာယန်စီ ကြေးနီစီမံကိန်းတာဝန်ရှိသူတွေအနေနဲ့ ပြည်သူလူထုအသံကို အလေးထားဖို့နဲ့ မြန်မာနိုင်ငံတွင်းက တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်အစိုးရရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးနိုင်တာဟာ ပြည်သူလူထုပဲဖြစ်တယ်လို့ သပိတ်အင်အားစုတွေရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မုံရွာ-ပုသိမ်လမ်းပိုင်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေ ချက်ချင်းဆုတ်ခွာပေးနိုင်ဖို့နဲ့ စီမံကိန်းတွေလည်ပတ်ပြီး အာဏာသိမ်းစစ်တပ်ကို ဝင်ငွေရနိုင်ဖို့ ကြိုးပမ်းနေမှုတွေ ချက်ချင်းရပ်တန့်ဖို့ အသိပေးထားပြီး ဒေသခံတွေရဲ့အသံနဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အလေးမထားရင် ပြည်သူ့ဒဏ်ခတ်မှုကို မဖြစ်မနေခံကြရမှာဖြစ်တယ်လို့ သပိတ်အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
တရုတ်အစိုးရနဲ့ တရုတ်ကမ္ပဏီတွေအနေနဲ့ နှစ်နိုင်ငံအကျိုးစီးပွားတွေ ပိုမိုခိုင်မာစွာဆောင်ရွက်နိုင်ဖို့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရပ်တန့်ပြီး ပြည်သူ့အသံ၊ ပြည်သူ့သဘောထားကို အလေးထား ဆောင်ရွက်ပေးဖို့ စစ်ကိုင်းတိုင်း ဒေသသပိတ်အင်အားစုတွေက အသိပေးထုတ်ပြန်လိုက်ပါတယ်။
ပုံစာ-တရုတ်စီမံကိန်းတွေရပ်တန့်ဖို့ ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်းက ဒေသခံများ။
ဓာတ်ပုံ-ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ။

