ရန်ကုန် – ၂၀၂၃ ဇူလိုင် ၂၈ (မော်ကွန်း)
ပြည်တွင်းမှာ သုံးစွဲနေတဲ့ မီးဖိုချောင်သုံး LPG ဂက်စ်ဟာ ဈေးကွက်အတွင်းပစ္စည်းပြတ်နေပြီး ဈေးနှုန်းလည်း မြင့်တက်သွားတယ်လို့ အဆိုပါဂတ်စ်တင်သွင်းရောင်းချသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက တစ်ပိဿာကို ၄,၅၀၀ ကျပ် ဝန်းကျင်မှာရှိတဲ့ မီးဖိုချောင်သုံးဂက်စ်တွေဟာ လက်ရှိမှတော့ တစ်ပိဿာကို ၅,၅၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်ခဲ့တယ်လို့ LPG ဂက်စ် လက်လီလက်ကား ရောင်းချတဲ့ ဈေးကွက်အတွင်းက သိရပါတယ်။
အဆိုပါဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံက အများစုတင်သွင်းရောင်းချတာဖြစ်တဲ့အတွက် ထိုင်းဘတ်ငွေလဲလှယ်နှုန်းမြင့်တက်မှုကြောင့် ဂတ်စ်တင်သွင်းမှုလျော့ကျခဲ့ပြီး ဈေးနှုန်းမြင့်တက်လာတာလို့ ဂတ်စ်တင်သွင်းရောင်းချသူတွေက ပြောပါတယ်။
ဒါ့အပြင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေပြီး လက်လီဆိုင်တွေအနေနဲ့လည်း ဂက်စ်ဝယ်လို့ မရဖြစ်နေတယ်လို့ မီးဖိုချောင်သုံးဂက်စ် လက်လီလက်ကားရောင်းချသူတစ်ဦးက ပြောပါတယ်။
“အခုက ပစ္စည်းကိုဝယ်မရတော့ဘူး၊ ဈေးတွေ အကုန်တက်နေတာ။ အရည်က အိုးကြီးတစ်အိုးက တစ်သောင်းဝန်းကျင်လောက် ဈေးတက်သွားတယ်။ ရပ်ကွက်ထဲ လက်လီဝယ်တဲ့ဘူးလေးတွေနဲ့ဆို တစ်ဘူးကို ၃၀၀ လောက် တက်သွားမယ်။ အဓိကတော့ ငွေလဲလှယ်နှုန်းတက်သွားတော့ ကုန်သည်ကြီးတွေက တင်သွင်းတာလျှော့လိုက်တော့ ဈေးကွက်မှာလည်းပစ္စည်းပြတ်သွားတယ်” လို့ ပြောပါတယ်။
ပြည်တွင်းမှာ လျှပ်စစ်မီး မကြာခဏပြတ်တောက်နေတာကြောင့် နေအိမ်တွေ၊ စားသောက်ဆိုင်တွေဟာ ဂက်စ်အိုးတွေကိုအသုံးပြုမှုများလာပြီး ဝယ်လိုအားမြင့်တက်လာပေမယ့် တင်သွင်းမှုကမလုံလောက်ဘူးလို့ ဂက်စ်တင်သွင်းရောင်းချသူတစ်ဦးက ပြောပါတယ်။
“ပြောရရင် အခုတစ်ပတ်မှာ LPG တင်သွင်းတဲ့ခွဲတမ်းရတာ နည်းသွားတယ်၊ ကုမ္ပဏီကြီးတွေက လျှော့လိုက်တာဖြစ်မယ်။ အခုလကုန်လောက်ဆို ပစ္စည်းပြတ်နိုင်ချေရှိတယ်။ လူတွေကလည်း ပစ္စည်းပြတ်တယ်ဆိုပြီးတော့ လိုက်ဝယ်တာတွေကြောင့်လည်း ပါတာပေါ့၊ အဓိကတော့ မီးပုံမှန်မလာတော့ သုံးစွဲမှုနှုန်းက များလာတယ်၊ တင်သွင်းတဲ့ ပမာဏက မလုံလောက်ဘူးပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ထိုင်းဘတ် တစ်ဘတ်ကို မြန်မာငွေ ၉၅ ကျပ်ထိ ဈေးမြင့်တက်နေပြီး ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းအများစုက ဈေးနှုန်းတွေမြင့်တက်နေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာကလည်း အခုလိုမျိုး မီးဖိုချောင်သုံး LPG ဂက်စ်ပြတ်လပ်ပြီး ဈေးတက်ခဲ့ဖူးပြီး တစ်ပိဿာကို ကျပ်ရှစ်ထောင်ဝန်းကျင်ထိ အမြင့်ဆုံးရောက်ရှိသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း ဈေးနှုန်းပြန်လည်ကျဆင်းခဲ့တာပါ။
ပုံစာ – LPG ဂတ်စ်ရောင်းချသည့်ဆိုင်
ဓာတ်ပုံ – Ko Myo
#Dailynews

