ပုဏ္ဏားကျွန်း- ၂၀၂၄ စက်တင်ဘာ၂၅ (မော်ကွန်း)
ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်က စစ်ဘေးရှောင်လူငယ်တစ်ဦး ကုလားတန်မြစ်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးကျပ်တည်းမှုနဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် အဆုံးစီရင်မှုတွေ ထပ်တိုးဖြစ်လာမှာကို အကူအညီပေးနေသူတွေနဲ့ ဒေသခံတချို့က စိုးရိမ်မိတယ်လို့ ပြောကြပါတယ်။
ရွာဟောင်းရပ်ကွက်မှာ လာရောက်စစ်ဘေးရှောင်နေတဲ့ အသက် ၂၅ နှစ်အရွယ် ကိုမောင်ကြီးဆိုသူဟာ ယခုလ ၂၂ ရက်က ကုလားတန်မြစ်ထဲကို ခုန်ချအဆုံးစီရင်ခဲ့ပြီးနောက် သူ့ရုပ်အလောင်းကို နောက်တစ်ရက်ညပိုင်းမှာ ပြန်တွေ့ခဲ့တာပါ။
” သူတို့ကသားမိနှစ်ယောက်နေကြတာ။ သူကတော့ ကြုံရာကျပန်း အလုပ်လုပ်ပါတယ်။ စားဝတ်နေရေးကလည်း မဖူလုံ၊ အလုပ်ကလည်း လုပ်စရာမရှိတော့ စိတ်ဓာတ်တွေကျပြီး စိတ်ပေါက်ပြီးလုပ်သွားတာထင်ပါရဲ့” လို့ ကိုမောင်ကြီးနဲ့နီးစပ်တဲ့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ဒေသခံတွေအပါအဝင် စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော စတဲ့ဒေသတွေက စစ်ဘေးရှောင် သောင်းနဲ့ချီပြီး လာရောက်ခိုလှုံနေကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးကျပ်တည်းနေကြသလို အလုပ်အကိုင်တွေလည်း မရှိတာကြောင့် ဆင်းရဲကျပ်တည်းတဲ့ဒဏ်နဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို အလူးအလဲခံစားနေကြရတယ်လို့ ကူညီပေးသူတွေနဲ့ ဒေသခံတချို့က ပြောပါတယ်။
” ကိုယ်ငတ်ရင်တောင် သားသမီးကို ဝဝလင်လင်တော့ ကျွေးမွေးချင်တယ်။ အလုပ်ကလည်း ဘာမှလုပ်စရာမရှိ၊ နေ့စားအလုပ်လည်း ရှာမရဘူး။ အလုပ်ထွက်လုပ်လို့ရရင်တောင် အထောက်ပံ့ရတာလေးနဲ့ လုပ်အား ခလေးနဲ့ပေါင်းလိုက်ရင် အဆင်ပြေအုံးမယ်။ အခုအခြေအနေကတော့ စိတ်ရောလူရော အရမ်းပင်ပန်းပြီး ဘဝကို အရှုံးပေးချင်တဲ့အထိ အတွေးရောက်တယ်” လို့ ပုဏ္ဏားကျွန်းမှာ လာရောက်စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ပြန်လည်စတင်ခဲ့တဲ့ AA နဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ကို ပြည်မနဲ့ အဆက်အသွယ်ဖြတ်လိုက်တဲ့ စစ်ကောင်စီကြောင့် အဲဒီက ဒေသခံတွေဟာ ကျန်းမာရေး၊ စားဝတ်နေရေး၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို အလူးအလဲခံနေရတာဖြစ်ပါတယ်။
ဒါအပြင် စစ်ကောင်စီက လူသားချင်းစာနာမှုအကူအညီပေးတဲ့ နိုင်ငံတကာအဖွဲ့တွေအပါအဝင် ဒေသခံတွေ အထောက်အပံ့ရ ရနိုင်မယ့်လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ထားတယ်လို့ အကူအညီပေးသူတချို့က ပြောပါတယ်။
မြေပြင်မှာ လက်လှမ်းမီရာကူညီကယ်ဆယ်နေသူတွေအနေနဲ့လည်း အလှူရှင်နည်းပါး၊ ရန်ပုံငွေအားနည်းတာကြောင့် လိုအပ်သူတိုင်းကို ပံ့ပိုးနိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့ သူတို့ကဆိုပါတယ်။
” အခုအနေအထားက နိုင်ငံခြားမှာရောက်နေတဲ့ ရခိုင်သူ၊ ရခိုင်သားတွေကိုပဲ အဓိကအားထားနေရတာပါ။ အရင်တုန်းကလို ပြည်တွင်းထဲကနေ အလှူခံဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ စီးပွားရေး လမ်းကြောင်းတွေပိတ်နေတာတစ်မျိုး၊ ကုန်ဈေးနှုန်း တက်တာတစ်မျိုးနဲ့ အကုန်လုံးက ခက်ခဲနေကြတာ။ ဒါကြောင့် ပြည်ပက အလှူရှင်တွေပေးတဲ့ငွေတွေနဲ့ပဲ တတ်နိုင်သလောက် ကူညီပေးထားရတယ်။ လူဦးရေများတော့ လောက်လောက်ငှငှတော့ မပေးနိုင်ဘူးပေါ့” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNHCR) ရဲ့ စက်တင်ဘာ ၁၇ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ငါးသိန်းခွဲကျော် ရှိနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ဘေးရှောင် ၃၄ သိန်းကျော်ရှိနေပြီလို့ ဖော်ပြပါတယ်။
ပုံစာ- ဒီလ ၂၂ရက်နေ့က ကုလားတန်မြစ်ထဲခုန်ချပြီး အဆုံးစီရင်သွားတဲ့ စစ်ဘေးရှောင် ကိုမောင်ကြီး။
ဓါတ်ပုံ- လင်းရောင်ခြည်ဖောင်ဒေးရှင်း
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


