စစ်ကိုင်း-၂၀၂၄ မေ ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အောင်ချမ်းသာရွာက သားအဖနှစ်ဦးကို စစ်ကောင်စီတပ်တွေက အခုလ ၁ ရက်က ဖမ်းဆီးခဲ့ပြီး နောက်ရက်မှာ သားဖြစ်သူကို သတ်ပစ်လိုက်တယ်လို့ ဒေသခံတချို့က မော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလ ၁ရက် နေ့လယ်ပိုင်းက အောင်ချမ်းသာရွာသား ဦးညွန့်ဝေရဲ့ အသက် ၂၀ အရွယ်သားဖြစ်သူဖုန်းကို ယူစစ်ပြီးနောက် သားအဖနှစ်ဦးစလုံးကို စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မကို ဖမ်းခေါ်သွားပြီးနောက် သားဖြစ်သူကိုသတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
“ဦးညွန့်ဝေရဲ့ သားဖုန်းကိုသူတို့ကယူစစ်တော့ အာဏာသိမ်းစတုန်းက ရိုက်ထားတဲ့ပုံတွေတွေ့တယ်ပြောတယ်။ ပြီးတော့ PDF တွေနဲ့ဆက်သွယ်ထားတာတွေ့တယ်ဆိုပြီးဖမ်းတာ။ သူ့အဖေကိုကျ သားဖြစ်သူဒါတွေလုပ်နေတာ မသိရကောင်းလားဆိုပြီး ရိုက်နှက်ပြီး နှစ်ယောက်လုံးကိုဖမ်းခေါ်သွားလိုက်တာ။ မနေ့ကညပိုင်းကျတော့ ရွာကိုလာပြောတာ အဲဒီကောင်လေးသေပြီတဲ့။ ရိုက်နှက်စစ်ရင်းလက်လွန်တာနေမှာ။ ဘာလို့သေတယ်ဆိုတာ သေချာမသိရဘူး။ အလောင်းလဲပြန်မပေးဘူး” လို့ ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ သားဖြစ်သူရဲ့အလောင်းကို ပြန်မပေးသလို အဖေဖြစ်သူကိုလည်း လက်ရှိအချိန်ထိ ဖမ်းဆီးထားပြီး အဆက်အသွယ်ပြတ်နေတယ်လို့ ရွာခံတွေက ဆိုပါတယ်။
သားအဖနှစ်ဦးကိုဖမ်းဆီးပြီး သားဖြစ်သူကိုသတ်လိုက်တာကြောင့် ရွာကိုစစ်ကောင်စီတပ်တွေ ရုတ်တရက်စီးနင်းမှာစိုးရိမ်ပြီး ရွာခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က ဖုန်းစစ်ပြီးဖမ်းတာ ခဏတိုင်းပဲ။ သင်္ကြန်တွင်းတုန်းကလည်း သူတို့ဂိတ်နားလေး ကောင်လေးတစ်ယောက်က သူ့ဟာသူဖုန်းပြောနေတာ၊ ခေါင်းတွေရိုက်ပြီးခေါ်စစ်တယ်။ ပြီးတော့ စစ်ကိုင်းရဲစခန်းကိုဖမ်းသွားတယ်။ အဲဒီနေ့က ဖမ်းခံရတာ ခုနစ်ယောက်ရှိတယ်။ အခုတော့ ပြန်လွတ်ပြီ”လို့ ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သူတစ်ဦးက ဆိုပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းက စစ်ကိုင်းတံတား၊ စစ်ကိုင်းတက္ကသိုလ်နဲ့ စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေဟာ လမ်းပေါ်သွားလာနေသူတွေနဲ့ စစ်ဆေးရေးဂိတ်တွေအနီးမှာရှိတဲ့ရွာတွေက ဒေသခံတွေကို မကြာခဏ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ လုပ်ဆောင်လေ့ရှိတယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်တုန်းကလည်း စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတက္ကသိုလ်အနီးက ညောင်ပင်ဇင်ရွာကို ရုတ်တရက်စီးနင်းခဲ့ပြီး ရွာထဲက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပုံစာ-စစ်ကိုင်းမြို့အဝင် ဆိုင်းဘုတ်နဲ့ မြို့တွင်းတစ်နေရာ။
ဓာတ်ပုံ-mawkun

