ကောင်းထက်စံ
ဇူလိုင် ၁၈
တိုင်းရင်းဆေးအမည်ခံ တရားမဝင်ဖွင့်လှစ်နေသော သင်တန်းကျောင်းများနှင့် ဆေးကုသမှုများသည် အရည်အသွေး ရှိသော တိုင်းရင်းဆေးပညာရှင်များ ထွက်ပေါ်လာပါက အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးက ပြောသည်။
“ကျွန်တော်တို့အနေနဲ့ အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးပညာရှင်များ ထွက်ဖို့လိုပါတယ်။ သူတို့ များများထွက်လာရင် ဒီလိုအရည်အသွေးမရှိတဲ့ လိုင်စင်မရှိတဲ့သူများဟာ အလိုလိုပျောက်သွားမှာဖြစ်ပါတယ် ”ဟု ဦးမြင့်ထွေးကပြောသည်။
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် (၁၃) ကြိမ်အစည်းအဝေးတွင် မြင်းမူမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက တိုင်းရင်းဆေးအမည်ခံသင်တန်းကျောင်းများ၊ တက္ကသိုလ်များအဖြစ် ဖွင့်လှစ်သင်ကြားနေခြင်းများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်နှင့် ပတ်သက်သည့် မေးခွန်းအား ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
ဦးစိုးစံသက်ထွန်းက တိုင်းရင်းဆေးတက္ကသိုလ် မဟုတ်ဘဲ သင်ကြားနေသည့် သင်တန်းကျောင်းများမှ ဆေးကုသခွင့်များကိုပါ တရားဝင်သဖွယ် လက်မှတ်များထုတ်ပေးနေသည့်အတွက် ပြည်သူများအတွက် ထင်ယောင်ထင်မှားဖြစ်စေနိုင်သည်ဟု ဆိုသည်။ အဆိုပါ သင်တန်းကျောင်းများအပြင် တက္ကသိုလ်အမည်ဖြင့်ပါ ဖွင့်လှစ်နေမှုများလည်းရှိကြောင်း ပြောသည်။
ဆက်ပြီး သူူက “ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကျန်းမာရေးအသိနည်းပါးတဲ့ ပြည်သူတွေဟာ တရားမဝင်ဆေးကုသကြတဲ့သူတွေရဲ့ သားကောင်ဖြစ်မှန်းမသိ ဖြစ်နေကြပါတယ်” ဟု ပြောသည်။
ပြည်ထောင်စုဝန်ကြီး၏ ပြန်လည်ဖြေကြားမှုတွင် အဆိုပါကိစ္စရပ်များကို ကြားသိနေရသော်လည်း အထောက်အထား တိတိကျကျဖြင့် တင်ပြတိုင်ကြားပေးရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာတိုင်းရင်းဆေးဦးစီးဌာနများသို့ အမိန့် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖြေဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၇၆ ခုနှစ်မှ ယနေ့အချိန်ထိ တိုင်းရင်းဆေးဒီပလိုမာလက်မှတ် ရရှိပြီးသူ ၂,၁၈၇ ဦး၊ ၂၀၀၁ ခုနှစ်မှ ယနေ့အထိ တိုင်းရင်းဆေးသိပ္ပံဘွဲ့ ၁,၄၁၈ ဦးနှင့် မဟာဘွဲ့ ၅၉ ဦးရှိလာပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။