ပင်လောင်း-၂၀၂၄ ဧပြီ ၃၀ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ခုနစ်သောင်းကျော်နေရပ်မပြန်နိုင်သေးတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းကူညီမှုတွေလုပ်နေတဲ့ ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ အခုနှစ် ဇန်နဝါရီ ၂၁ ရက်ကစပြီး ဒီနေ့အထိ ရက်ပေါင်းတစ်ရာကျော် ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
“ဆီဆိုင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တို့မှာ စစ်ဘေးရှောင်ကြရတဲ့ ဒေသခံပြည်သူတွေဟာ တချို့နေရာမှာ မိမိနေရပ်ကို ပြန်ကြည့်တာတွေ ပြုလုပ်ကြပေမယ့် နေရပ်ကို ပြန်လည်နေထိုင်နိုင်ခြင်း မရှိကြသေးပါဘူး။ စစ်ဘေးရှောင်ပြည်သူဦးရေဟာ ခုနစ်သောင်းအထက် ရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာတွေ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေ၊ ရေနဲ့ မီး လိုအပ်ချက်တွေ၊ တကိုယ်ရေးတည်းသုံးပစ္စည်းတွေ၊ လုံခြုံရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်” လို့ PYO က တာဝန်ရှိသူကပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းတွေရှိပေမယ့် တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေများလာလို့ အားလုံးကိုလွှမ်းခြုံပြီးအကူအညီမပေးနိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။
“ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း အစရှိတဲ့မြို့နယ်တွေမှာ စစ်ဘေးရှောင်စခန်းမရှိဘူး။ စစ်ဘေးရှောင်ပြည်သူတွေ တိမ်းရှောင်ပုံစံတွေက ပြန့်ကျဲနေထိုင်ကြတာကို တွေ့ရပါတယ်။ အဲဒါကြောင့် စစ်ရှောင်ဦးရေစာရင်း ပေါက်ဖို့၊ စာရင်းကောက်ဖို့က အတော်ခက်ခဲပါတယ်။ အဲဒါကြောင့် ဒီနောက်ပိုင်း ရှောင်ကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေက အကူညီကိုလက်လှမ်းမမီကြပါဘူး။ ညောင်ရွှေမြို့နယ် စံကားမြို့ဟောင်းဘက်ဆို အကူညီမရကြတာ လေးလကျော်ငါးလထဲ ရောက်လာပါပြီ” လို့ သူကဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ရှောင်တွေဟာ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုန်း၊ ညောင်ရွှေစတဲ့ဒေသတွေကဖြစ်ပြီး လာမယ့်ကာလအတွင်း တိုက်ပွဲတွေဆက်ရှိနိုင်တာကြောင့် စစ်ရှောင်ဦးရေ ဆက်တိုးလာနိုင်တယ်လို့ PYO က ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းက ဒေသတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေငါးရာဝန်းကျင်လုပ်ဆောင်ခဲ့သလို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေသုံးထောင်ကျော်လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုဟာ ၆၆ ဦးအထိရှိလာပြီလို့ PYO ရဲ့စာရင်းတွေမှာဖော်ပြထားပါတယ်။
ပုံစာ-ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံစစ်ရှောင်များ။
ဓာတ်ပုံ-ပေးပို့။

