ရန်ကုန်တောင်ပိုင်းက မြို့နယ်တချို့မှာ ညမထွက်ရအချိန် ထပ်တိုးလိုက်တာကြောင့် အခြေခံလူတန်းစားတွေ အခက်ကြုံ

ရန်ကုန်တောင်ပိုင်းက မြို့နယ်တချို့မှာ ညမထွက်ရအချိန် ထပ်တိုးလိုက်တာကြောင့် အခြေခံလူတန်းစားတွေ အခက်ကြုံ

ရန်ကုန်- ၂၀၂၄ ဧပြီ ၂၆ (မော်ကွန်း)

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစစ်သားစုဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူးတချို့ ပစ်သတ်ခံရမှုတွေ ဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီက ညမထွက်ရအမိန့်ကို အဲဒီမြို့နယ်တွေမှာ ည ၁၀ နာရီကနေ နံနက် ၅ နာရီအထိ သတ်မှတ်လိုက်တဲ့အတွက် အခြေခံလူတန်းစားတွေအပေါ် ဆိုးကျိုးသက်ရောက်ကုန်တယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအစပ်က ကွမ်းခြံကုန်းမြို့နယ်ထဲမှာ စစ်မှုထမ်းစာရင်းစုဆောင်းတဲ့ အုပ်ချုပ်ရေးမှူးတချို့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနဲ့ ဒလမြို့နယ်တွေမှာ ညမထွက်ရအမိန့် ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

“ မနက် ၅ နာရီ နောက်ပိုင်းမှ ထွက်ရမယ်လို့ ကန့်သတ်လိုက်တာက သွားရေး၊ လာရေး အတော်လေးခက်သွားတာပေါ့။ ကောမှူးတို့၊ တွံတေးတို့ဘက်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်တာ။ ဈေးကြိုတာတွေ လုပ်တဲ့သူတွေအတွက်ဆို ပိုခက်သွားတာပေါ့။ သူတို့ဆီကနေ ၃ နာရီလောက်ထွက်မှ ရန်ကုန်ဘက်ကို မိုးလင်းရောက်တာလေ။ အရမ်းခက် သွားတာပေါ့” လို့ ဒလမြို့ခံတစ်ဦးက မှတ်ချက်ပြုတယ်။

ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနဲ့ ဒလဘက်မှာ နေထိုင်သူတွေဟာ ရန်ကုန်ဘက်ခြမ်းကို ကူးပြီး ဆောက်လုပ်ရေးလုပ်သား၊ ဈေးကြို/ဈေးပို့ အလုပ်တွေကို ယခင်ကဆိုရင် နံနက် ၂နာရီ၊ ၃ နာရီ ဝန်းကျင်ကတည်းက လုပ်ကြတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညမထွက်ရအမိန့်တွေကန့်သတ်တာကြောင့် အခက်တွေ့ခဲ့ကြရပေမယ့် နောက်ပိုင်း ည ၁ နာရီကနေ ၃ နာရီအထိ ဖြေလျှော့ပေးလိုက်တာကြောင့် သက်သာရာ ရခဲ့တာပါ။ အခုတော့ ပြန်လည် တင်းကျပ်လိုက်တဲ့အတွက် ဝင်ငွေနဲ့ အလုပ်အကိုင်တွေအပေါ် ထိခိုက်ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“ ကျွန်တော်တို့ဘက်မှာ ည ၁၀ မနက် ၅ သတ်မှတ်လိုက်ပြီ။ ကောမှူးဘက်မှာလည်း ထုတ်တယ်လို့ ကြားတယ်။ ကသစ်ကုန်းရွာ( ကွမ်းခြံကုန်းမြို့နယ်) မှာ ရာအိမ်မှူးနဲ့နောက်တစ်ဦး ပစ်သတ်ခံရပြီးတော့ အခုလိုထုတ်လိုက်တာပဲ ” လို့ ကွမ်းခြံကုန်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဒလမြို့ကနေ ရန်ကုန်ဘက်ခြမ်းကို သယ်ယူပို့ဆောင်တဲ့ ကူးတို့ဆိပ်တွေကိုလည်း နံနက် ၅ နာရီကနေ ည ၁၀ နာရီအတွင်းသာ ပြေးဆွဲကြဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားတဲ့အတွက် အဲဒီအချိန်အတွင်းသာ ပြေးဆွဲမယ်လို့ ကူးတို့ဆိပ်တွေမှာ ကြေညာထားပါတယ်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်လာတဲ့အချိန်မှာ စစ်ရေးအရ ဆုံးရှုံးမှုမြင့်မားနေတဲ့ စစ်ကောင်စီဟာ အရပ်သားတွေကို ပြည်တွင်းစစ်အတွင်း အဓမ္မခေါ်ယူသွတ်သွင်းနေပြီး အရပ်သား အနည်းဆုံး ၅,၀၀၀ ကို ပထမအသုတ်အဖြစ် ပြီးခဲ့တဲ့ လအတွင်း ခေါ်ယူခဲ့ပါပြီ။ အခုလည်း ဒုတိယအသုတ်အဖြစ် နောက်ထပ် ၅,၀၀၀ ထပ်ရဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းမှုကို ရှောင်လွှဲချင်တဲ့လူငယ်တွေဟာ နေရပ်စွန့်ခွာထွက်ပြေးတာ၊ တစ်ဖက်က တော်လှန်ရေးအဖွဲ့တွေအတွင်းကိုဝင်ရောက်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ရွေးချယ်တာတွေနဲ့ ဖြေရှင်းနေကြသလို မပြေးနိုင်သူတွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကိုလာဘ်ထိုးပြီး စစ်မှုထမ်းဖို့ မပါဝင်ရေး မြေပြင်မှာကြိုးစားနေကြတာတွေ ရှိပါတယ်။

ပုံစာ – ညမထွက်ရအမိန့်ပြင်ဆင်လိုက်တာကြောင့် ဒလမြို့က ကူးတို့ဆိပ်တစ်ခုမှာ အချိန်ပြောင်းလဲမှုကို အသိပေးထားစဉ်

ဓါတ်ပုံ – ပေးပို့

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."