တမူး – ၂၀၂၃ မတ် ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ကလေး-တမူးလမ်းပေါ်က အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲကင်းတစ်ခုကို ဒီကနေ့ နံနက်ပိုင်းမှာ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းပါသိမ်းနိုင်ခဲ့တယ်လို့ NLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“စခန်းပါသိမ်းနိုင်တယ်၊ အဲဒီစခန်းကိုပါ မီးရှို့ပစ်ခဲ့လိုက်တယ်”လို့ NLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ဒီနေ့စခန်းသိမ်းခံခဲ့ရတဲ့ ဘုက္ကန်ရဲကင်းဟာ တမူးမြို့နဲ့ ၁၈ မိုင်လောက် ကွာဝေးပြီး “ဘုတ်ငှက်စစ်ဆင်ရေး”လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးကို NLA ရဲ့ စစ်ဆင်ရေးမှူး မင်းခေါင်က ဦးစီးတိုက်ခိုက်ခဲ့ကာ တိုက်ပွဲကြာချိန် ၄၅ မိနစ်လောက်ရှိခဲ့တယ်လို့ NLA ဘက်က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်ခံနေရချိန်မှာ ရဲတွေကို အာဏာသိမ်းစစ်တပ်ဘက်က စစ်ကူလုံးဝမလာသလို နောက်ဆုံးမှာ ရဲတွေဟာ စခန်းကိုပါ စွန့်ခွာပြီးထွက်ပြေးသွားကြတယ်လို့ NLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ကျရှုံးသွားတဲ့ ရဲကင်းဆီက လက်နက်ငယ် ၁၅ လက်အပါအဝင် ကျည်မျိုးစုံ ၂,၀၀၀ ကျော်၊ ကျည်ဘောက်တွေ၊ ရှေ့ထွက်မိုင်း၊ လက်ပစ်ဗုံးတွေ၊ စကားပြောစက်တွေအပါအဝင် စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့ကြပါတယ်။
ဒီတိုက်ပွဲမှာ နှစ်ဘက်စလုံး သေဆုံးမှုမရှိကြဘူးလို့ NLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ဟာ ပြီးခဲ့တဲ့ ၂၀၂၃ မတ် ၅ ရက်က တမူး-ကဘော်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ ကနေ ပြောင်းလဲဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
ပုံစာ – ယနေ့သိမ်းပိုက်ရမိထားသော လက်နက်များနှင့်စစ်သုံးပစ္စည်းများအား NLA တပ်ဖွဲ့ဝင်များနှင့်အတူတွေ့ရစဉ်။
ဓါတ်ပုံ – NLA ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန
#Dailynews

