ရေး – ၂၀၂၁ နိုဝင်ဘာ ၁၀ (မော်ကွန်း)
မွန်ပြည်နယ် ရေးမြို့က ရေလုပ်ငန်းရှင်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက လိုက်လံရှာဖွေပြီး သူ့အလုပ်ရုံကို ချိပ်ပိတ်လိုက်တာကြောင့် အလုပ်သမားတွေ နေရပ်ပြန်ရေးနဲ့ စားဝတ်နေရေးခက်ခဲနေတယ်လို့ နီးစပ်သူတွေဆီက သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က အလုပ်ရုံကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက လာရောက်ချိပ်ပိတ်ခဲ့တာပါ။
” သူ့အိမ်က အလုပ်ရုံနဲ့တွဲထားတာ။ စစ်သားတွေကချိတ်ပိတ်သွားတော့ အလုပ်သမားတွေလဲဒုက္ခရောက်ရတယ်။ လစာလဲမရဘူး။ နေရပ်ပြန်ဖို့စရိတ်လဲမရှိဘူး။ ဆက်နေလို့ကလဲမရဘူး “လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ရေလုပ်ငန်းပိုင်ရှင် ဒေါ်ဇင်မာအောင်ရဲ့ ပိုင်ဆိုင်မှုတွေကို ခုလို သိမ်းယူသွားပြီးနောက်မှာတော့ နယ်က အလုပ်လာလုပ်တဲ့ ဝန်ထမ်း ၁၅ဦးဟာ နေရပ်ပြန်ဖို့ခက်ခဲနေတယ်လို့ ဆိုပါတယ်။
“ပြန်မယ်ဆိုလည်း လမ်းစရိတ်မရှိဘူး။ နေဖို့စားဖို့ကလည်း ပိုက်ဆံကမရှိဘူး။ နေရထိုင်ရတာလည်း အသိအိမ်တွေမှာ ကျဥ်းကျဥ်းကျပ်ကျပ်နေနေရတယ်” လို့အလုပ်သမားတစ်ဦးက ဆိုပါတယ်။
ဒေါ်ဇင်မာအောင်ကို စစ်ကောင်စီတပ်က NLDထောက်ခံသူဆိုပြီး ပိုင်ဆိုင်မှုတွေကို ခုလို သိမ်းယူတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ဒေါ်ဇင်မာအောင်ကိုလာရှာတယ်။ သူတို့လင်မယားက အဲနေ့ကရှောင်နေလို့ သူ့ညီမဝမ်းကွဲကိုဖမ်းသွားတယ်။ ခုထိမလွတ်သေးဘူး “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
ဒေါ်ဇင်မာအောင်ရဲ့ အလုပ်ရုံဟာ ပင်လယ်ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်တာဖြစ်ပြီး မှီခိုနေရတဲ့ အလုပ်သမား ၄၀ ဝန်းကျင် အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
#Dailynews

