ယင်းမာပင် – ၂၀၂၄ မတ် ၂၃ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးလို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်မှ ဒေသခံတွေထွက်ပြေးနေကြရပါတယ်။
မနေ့ နံနက် ၉း၀၀ နာရီလောက်ကစလို့ မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ကနေ အာဏာသိမ်းစစ်တပ်ဟာ စစ်ကားငါးစီးနဲ့ ယင်းမာပင်၊ အောင်ဇေယျမြို့သစ်ဘက်ကို ကူးလာပြီး စစ်ကြောင်းထိုးဖို့စတင်ခဲ့ပါတယ်။
အောင်ဇေယျနဲ့ယင်းမာပင်ခရိုင်ရဲတပ်ရင်း ၂၈ ကြားကို မိုင်းကွင်းတွေရှင်းပြီးမှ စစ်ကြောင်းထိုးတာလို့ ယင်းမာပင် ပ.က.ဖ ဆီကသိရပါတယ်။
“နေ့လည် ၂နာရီခွဲလောက်မှ စစ်ကြောင်းစထိုးတာ။ မနေ့ကညနေ ၅း၀၀ နာရီကနေ ဒီနေ့မနက်ထ ၅း၀၀ နာရီထိ ပုသိမ်မုံရွာလမ်းလေး အုံတုံပင်ရွာမှာ တပ်စွဲထားတယ်။ ဒေသခံ ခုနစ်ယောက်လောက် ဖမ်းခံရတယ်ဗျ။ ဒါပေမဲ့ ခုလွှတ်ပေးလိုက်ပြီ ငါးယောက်တော့အဆက်သွယ နှစ်ဦးတော့ အဆက်သွယ်မရသေးဘူးဗျ၊ လောလောဆယ် ယင်းမာပင်မြို့နယ် ထန်းတောကြီးရွာ၊ပေကုန်းရွာ၊ ကျေးစာကျရွာတွေမှာဝင်ပြိီးမွှေနှောက်နေတယ်”လို့ ယင်းမာပင်မြို့နယ် ပ.က.ဖ တိုက်နယ် ၂ အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ယင်းမာပင်မှာ စစ်ကြောင်းထိုးလို့ လတ်တလော ထန်းတောကြီး၊ ရေကြည်ပင်၊ ပေကုန်း၊ မြရိပ်၊ မြစိမ်း၊ ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ ဂုဏ်တော၊ ဒုန်းတောနဲ့ ကံကုန်းစတဲ့ ရွာတွေ ထွက်ပြေးနေကြရပြီး စစ်ရှောင် ခန်မှန်း ၈,၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။
ပုံစာ – ထွက်ပြေးနေရတဲ့ ဒေသခံများ
ဓါတ်ပုံ – Mawkun Magazine

