ပေါက်တော – ၂၀၂၄ စက်တင်ဘာ ၃၀ (မော်ကွန်း)
ပေါက်တောမြို့နယ်က အနောက်ရဲ မူဆလင်ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၁၀၀ ခန့် ဝမ်းရောဂါဖြစ်ပွားနေကြပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတချို့က ဒီနေ့မှာ ပြောပါတယ်။
အဲဒီဒုက္ခသည်စခန်းမှာ လူဦးရေ ၅,၈၀၀ ခန့် ရှိပြီး အသက် ၁၀ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၂၀ ကျော် လူငယ် စုစုပေါင်း ၁၀၀ ခန့် ဝမ်းရောဂါဖြစ်ပွားနေကြတာလို့လည်း စခန်းတာဝန်ရှိသူတချို့က ပြောပြီ စက်တင်ဘာလ အစပိုင်းကတည်းက တဖြေးဖြေးဖြစ်ပွားနေတဲ့ ဝမ်းရောဂါကြောင့် နှစ်ဦးသေဆုံးခဲ့ရသေးတယ်လို့လည်း ဆိုပါတယ်။
” ပထမတော့ ကလေးတွေလောက်ပဲ စဖြစ်တာပါ။ ဆေးဝါးကုသမှုတွေ လိုအပ်သလောက် မလုပ်နိုင်တာကြောင့်ရယ်၊ ရေမသန့်ရှင်းတာကြောင့်ရယ်နဲ့ ဝမ်းရောဂါဖြစ်ပွားနှုန်းက ပိုများလာတာ။ ရေကလည်း မိုးရာသီဆိုတော့ ကန်တွေကမသန့်ရှင်းဘူး” လို့ အဲဒီစခန်းက တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
အဲဒီမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ဝမ်းရောဂါဖြစ်ပြားနေသူတွေကို ဆေးကုသပေးမှုတွေ လာရောက်လုပ်ဆောင်ပေးနေပေမယ့် လူဦးရေတိုးလာတာကြောင့် ဆေးဝါးတွေ မလုံလောက်ဘဲ အခက်အခဲဖြစ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
” ဒီစခန်းမှာက ဝမ်းရောဂါက မကြာခဏဖြစ်လေ့တော့ရှိပါတယ်။ ရေမသန့်တာရော၊ ခလေးတွေ အစားအသောက် လျှောက်စားတာကြောင့် ပါမယ်ထင်တယ်။ ဒါပေမဲ့ အခုလောက်တော့ အခြေနေမဆိုးသလို လူလည်းမများဘူး” လို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
အရင်တုန်းကတော့ အနောက်ရဲမူဆလင်ဒုက္ခစခန်းက ဒုက္ခသည်တွေကို ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) နဲ့ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာဖြစ်ပေမယ့် ဒီလိုအကူအညီပေးမှုနေမှုကို စစ်ကောင်စီက AA နဲ့ စစ်ဖြစ်လာပြီးနောက် ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ AA က ဒီဒုက္ခသည်တွေကို ဆက်လက်ကူညီပေးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒါပေမဲ့ စစ်တိုက်ရင်း ဆေးကုပေးနေရတဲ့ AA အဖို့ ဆေးဝါးပြတ်လပ် မလုံလောက်မှုပြသနာကို ကြုံနေခဲ့ရပြီး ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်ကတည်းက နိုင်ငံတကာအဖွဲ့တွေကို ဆေးလှူဒါန်းတာတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ အဲဒီတုန်းက မောင်တောဒေသက မူဆလင်ဒေသခံတွေမှာ ဝမ်းပျက်ဝမ်းလျောဖြစ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေပါ ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
” စဖြစ်ကတည်းက ကျန်းမာရေးဌာန(AA)ကလူတွေ လာပြီးကုပေးတယ်။ ဒါပေမဲ့ လူနာက တနေ့တခြားပိုများလာတော့ ဆေးတွေက မလောက်တော့ဘူး။ AA ကတော့ ဆေးဝါးတွေမရှိရင်တောင် ရောဂါဖြစ်ပွားမှုတွေ ကာကွယ်ဖို့အတွက် အသိပညာပေးတာတွေတော့ လုပ်ဆောင်ပေးနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အဲဒီဒုက္ခသည်စခန်းဟာ ကုန်ခဲ့တဲ့နွေရာသီတုန်းကလည်း အခုလို ဝမ်းလျှောဝမ်းပျက်ရောဂါကူးစက်တာကြောင့် ၁၅ ဦးခန့် သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြကြပါတယ်။
ရခိုင်မှာ AA နဲ့ စစ်ကောင်စီ တစ်ကျော့ပြန်စစ်ပွဲ စတင်ကတည်းက စစ်ကောင်စီဟာ ရခိုင်ဘက်ကိုစီးဝင်တဲ့ ကုန်စည်စီးဆင်းမှုမှန်သမျှကို ပိတ်ဆို့ထားတာကြောင့် ဆေးဝါးရှားပါးတာ၊ ကုန်ပစ္စည်း ပြတ်လပ်တာနဲ့ ကုန်းဈေးနှုန်း ကြီးတဲ့ ဒဏ်တွေကို ဒေသခံတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပုံစာ- AA သိမ်းထားတဲ့ ပေါက်တောမြို့။
ဓါတ်ပုံ- google
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


