ကျိုက်ဒုံ – ၂၀၂၄ မတ် ၁၉ (မော်ကွန်း)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကျိုက်ဒုံမြို့က လက်ကျန် အာဏာသိမ်းစစ်တပ်စခန်းက စစ်သားတွေဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ပိုင်ခလိုင်နယ်စပ်ကို ထွက်ပြေးသွားကြပြီလို့ မြေပြင်မှာရှိတဲ့ သတင်းထောက်ဆီကသိရပါတယ်။
ထွက်ပြေးသွားတဲ့ စစ်သား စုစုပေါင်း ၄၈ ဦးရှိပြီး KNLA ဆီမှာ လက်နက်ချသူလည်း သုံးဦးရှိပါတယ်။
လတ်တလော ထွက်ပြေးလာတဲ့ စစ်သားတွေကို ထိုင်းစစ်တပ်က လက်နက်ဖြုတ်သိမ်းပြီး ဖမ်းဆီး၊ထိန်းသိမ်းထားတယ်လို့ ပိုင်ခလိုင်ဒေသခံတွေဆီကသိရပါတယ်။
၂၀၂၃ စက်တင်ဘာတုန်းကလည်း အုန်းဖန်မြို့နယ်ထဲက မဲ့ကျန်းရွာထဲကို အခုလို အာဏာသိမ်းစစ်တပ်ဘက်က စစ်သားတွေ ထွက်ပြေးသွားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျိုက်ဒုံမြို့က ဗျူဟာစခန်းကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ဗျူဟာမှူးနဲ့အရာရှိ ၁၂ အပါအဝင် စုစုပေါင်း ၆၆ ဦး လက်နက်ချခဲ့ပါတယ်။
အဲဒီနောက် ကျိုက်ဒုံမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး အာဏာသိမ်းစစ်တပ်ဘက်ကတော့ ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ပုံစာ – ပိုင်ခလိုင်ကို ထွက်ပြေးသွားတဲ့ အာဏာသိမ်းစစ်တပ် စစ်သားများ
ဓါတ်ပုံ – ပေးပို့

