ကန့်ဘလူ-၂၀၂၄ ဖေဖော်ဝါရီ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ကျွန်းလှမြို့နယ်တွေထဲက ရွာတွေကို စစ်ကောင်စီတပ်တွေက မြေပြင်ကနေ စစ်ကြောင်းထိုးသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်ပတ်အတွင်း စစ်ဘေးရှောင်ငါးသောင်းဝန်းကျင်အထိရှိလာတယ်လို့ ဒေသခံတွေနဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မော်ကွန်းကိုပြောပါတယ်။
“(တစ်ပတ်အတွင်း) စီးနင်းခံရတဲ့ ရွာပေါင်းဟာ ခန့်မှန်း ခြောက်ရွာအထက်မှာရှိပါတယ်။ မီးရှို့ဖျက်ဆီးခံရတာတော့ လေးရွာလောက်ရှိပါတယ်။ လတ်တလော ထွက်ပြေးနေရတဲ့ စစ်ရှောင်အရေအတွက်က ငါးသောင်းဝန်းကျင်မှာရှိပါတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အင်အားရာချီပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံပျူစောထီးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က ကန့်ဘလူမြို့ပေါ်ကို ရောက်ရှိလာတာဖြစ်ပြီး နောက်ရက်တွေကစလို့ ကန့်ဘလူကျွန်းလှနယ်တွေထဲ နေ့စဉ်နီးပါး စစ်ကြောင်းထိုးခဲ့တာပါ။
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးရင်း ပေလည်၊ သပြေသာလေး၊ မဲသည်နဲ့ ဇီးဖြူကုန်းစတဲ့ရွာတွေက ဒေသခံတွေရဲ့ နေအိမ်၊ စပါးကျီနဲ့ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ငါးဆယ်ဝန်းကျင် မီးလောင်ပျက်စီးကာ ဒေသခံတစ်ဦးလည်း အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“သူ့ကို ၃ ရက်နေ့ မနက်ပိုင်းက ရွာထဲက အိမ်တစ်အိမ်ထဲထည့် သတ်သွားတာ။အဲဒီအိမ်လည်း မီးလောင်သွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးရင်း အသတ်ခံလိုက်ရတဲ့သူဟာ အသက် ၄၉ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ ရွာသားတစ်ဦးဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း သင်တောရွာ ဘုန်းကြီးကျောင်း၊ ဇော်ချောင်းရွာဘုန်းကြီးကျောင်းနဲ့ ကံကြီးရွာတွေက ဘုန်းကြီးတစ်ပါးအပါအဝင် ဒေသခံရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။
“အဓိကတော့ ကောလင်းဘက်ကို စစ်အင်အားထပ်ဖြည့်ဖို့(စစ်ကြောင်းထိုးတာလို့) ယူဆပါတယ်။ ဒေသခံတွေ ဆက်ပြီး ထွက်ပြေးတိမ်းရှောင်ရနိုင်ချေရှိနေပါတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ဆားလင်းကြီး၊ ဘုတလင်၊ ဒီပဲယင်း၊ ခင်ဦး၊ ကန့်ဘလူ စတဲ့ဒေသတွေက ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်ကစလို့ နေ့စဉ်နီးပါးစစ်ကြောင်းထိုးနေတာကြောင့် ယာယီထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေများလာသလို အမြဲတမ်းစစ်ရှောင်ဦးရေလည်း တိုးလာနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ အခုလ ၁ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပျက်စီးသွားတဲ့ ကန့်ဘလူနယ်ထဲက ဘုန်းကြီးကျောင်း
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

