ရန်ကုန်-၂၀၂၃ ဖေဖော်ဝါရီ၁၃(မော်ကွန်း)
ယာယီပိတ်ထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေ ပြန်မဖွင့်သေးတာကြောင့် နိုင်ငံကူးလက်မှတ်ရရှိဖို့ သိန်းဆယ်ချီကုန်ကျမှုတွေရှိနေတယ်လို့ လက်တလော passport ရရှိရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
နိုင်ငံကူးလက်မှတ်ရုံးတွေကို အခုလဆန်းမှာပြန်လည်ဖွင့်လှစ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ ပေမယ့်လည်း လက်ရှိအချိန်ထိ ပြန်မဖွင့်သေးတာကြောင့် အရေးပေါ် passport လိုအပ်နေသူတွေ အရင်ထက်ပိုခက်ခဲလာပြီး ငွေကုန်ကျမှုပိုများလာတာဖြစ်ပါတယ်။
” အရင် QR Codeယူပြီး passport လုပ်ရတုန်းက သုံးသိန်းလောက်ဆို passportရသေးတယ်။အခုက passport အသစ်လုပ်မှာပဲဖြစ်ဖြစ်၊သက်တမ်း တိုးမှာပဲဖြစ်ဖြစ် ၁၀ သိန်းကျော်ထိ ဈေးပေါက်နေတယ်။ ဒါပေမယ့်လည်း တတ်နိုင်လို့ပေးမယ် ဆိုရင်တောင် လုပ်ဖို့ကမလွယ်ဘူး၊ လမ်းကြောင်းသိမှ ရင်းနှီးမှ ရနိုင်မယ့်အခြေနေ ဖြစ်နေတယ်”လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးနေတဲ့ အမည်မဖော်လိုသူ တစ်ဦးကပြောပါတယ်။
ဒါပေမယ့်လည်း ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်လိုက်ပါမယ့်သူတွေကတော့ ခရီးသွားအေဂျင်စီတွေကနေတစ်ဆင့် နိုင်ငံကူးလက်မှတ်လျှောက်ထားလို့ရတဲ့အတွက် ဘုရားဖူးခရီးစဉ်ကနေတစ်ဆင့် passportရရှိဖို့ ဆောင်ရွက်မှုတွေများလာတယ်လို့လည်း ၎င်းကဆိုပါတယ်။
ဒီလိုလုပ်ဆောင်လို့ရပေမယ့်လည်း passport ရပြီးရင် ဘုရားဖူးခရီးစဉ်က မဖြစ်မနေလိုက်ပါရတဲ့အတွက် ငွေးကြေးတတ်နိုင်သူတွေသာ လုပ်ဆောင်နိုင်တဲ့ အခြေနေဖြစ်နေတာပါ။
”အခုက passport လိုချင်ရင်ဘုရားအရင်ဖူးရမလိုဖြစ်နေတယ်။ ဗုဒ္ဓဂါယာဘုရားဖူးလိုက်ရင်တောင် passportက PVပဲရတာဆိုတော့ အလုပ်နဲ့သွားဖို့ PJလိုတဲ့ သူတွေ PV ကနေ PJပြောင်းမယ့် သူတွေ ကြ ဘာမှလုပ်လို့မရပဲ တော်တော်အခက်ခဲဖြစ်တယ်”လို့ passport လုပ်ကိုင်ဖို့ အခက်ခဲဖြစ်နေတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ အွန်လိုင်းကနေ QR Code ရယူတဲ့ စနစ်ကို ၂၀၂၂ ဒီဇင်ဘာ ၅ရက်က စတင် ရပ်နားခဲ့တာဖြစ်ပါတယ်။ဒီလိုရပ်နားပြီးနောက်ပိုင်း အခုနှစ်ဇန်နဝါရီမှာတော့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးတွေကိုယာယီပိတ်ထားပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ရပ်နားထားတာဖြစ်ပါတယ်။
#Dailynews

