NUG ရဲ့ကမ်းလှမ်းချက် စစ်ကောင်စီလက်ခံနိုင်ဖွယ်မရှိ

NUG ရဲ့ကမ်းလှမ်းချက် စစ်ကောင်စီလက်ခံနိုင်ဖွယ်မရှိ

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၃၁ (မော်ကွန်း)

စစ်တပ်က နိုင်ငံရေးမှာပါဝင်မှုကို အဆုံးသတ်ရင် တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကမ်းလှမ်းချက်ကို စစ်ကောင်စီက လက်ခံနိုင်ဖွယ်မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းထားတာကို ဖယ်ရှားပြီး နိုင်ငံရေးကနေ နောက်ဆုတ်ရေးအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအ‌ ခြေခံဥပဒေ အပြီးတိုင်ဖျက်သိမ်းရေး၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ် ရေးဆွဲပြဋ္ဌာန်းရေး စတဲ့အချက်တွေပါဝင်တဲ့ နွေဦးတော်လှန်ရေး ဘုံသဘောထား ရပ်တည်ချက်ကို NUG က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

မနက်ဖြန် ဖေဖော်ရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းတာ သုံးနှစ်မြောက်နေ့ဖြစ်ပြီး အဲ့ဒီသုံးနှစ်မပြည့်ခင် တစ်ရက်အလိုမှာ NUG က အခုလို ထုတ်ပြန်လာတာပါ။

အဲ့ဒီ ဘုံသဘောထားရပ်တည်ချက်မှာ NUG အပါအဝင် တော်လှန်ရေးမှာပါဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့လည်း ပါဝင်နေပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်ဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို တော်လှန်ရေးအင်အားစုတွေဘက်က အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်အဖြစ် လမ်းဖွင့်ပေးထားတာဖြစ်ပေမယ့် စစ်တပ်ဘက်ကတော့ လက်ခံမှာမဟုတ်ဘူးလို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

စစ်ကောင်စီကို နိုင်ငံရေးကနေနောက်ဆုတ်သွားဖို့ဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို စစ်ရေးအရအနိုင်တိုက်နိုင်မှပဲ အဲဒီ့အခင်းအကျင်းက ဖြစ်လာနိုင်မယ်လို့ သူက ပြောပါတယ်။

“အဲဒီ့ထုတ်ပြန်ချက်ကို စစ်ကောင်စီကထည့်သွင်းစဉ်းစားမယ့် အနေအထားမရှိပါဘူး။ စစ်တပ်က နိုင်ငံရေးကနေ စွန့်ခွါရမယ်ဆိုတဲ့ ကိစ္စကို စစ်ကောင်စီက တစ်သက်လုံးလိုက်နာမှာ မဟုတ်ဘူး။ သူတို့က အာဏာသိမ်းထားတာကိုး”လို့ ၎င်းကပြောပါတယ်။

NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးရဲ့ အရှိန်အဟုန်မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပြီး ယခု ၂၀၂၄ မှာတော့ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းမယ့် နှစ်တစ်နှစ်အဖြစ် စဉ်းစားထားဖို့ မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

“အပြီးသတ်ချေမှုန်းပြီး ပွဲသိမ်းတိုက်ပွဲကို ကောင်းစွာ ဖော်ဆောင်နိုင်ဖို့ရန် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးမှာ အင်အားတွေ၊ စုစည်းမှုတွေလည်း အခိုင်အမာရှိနေပြီလို့ ယုံကြည်ပါတယ်” လို့လည်း ဒူဝါလရှီးလက ထည့်သွင်းပြောခဲ့ပါသေးတယ်။

အခုထုတ်ပြန်ချက်မှာ တော်လှန်ရေးရဲ့ ဦးတည်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ပြထားပြီး ဦးတည်ချက်တွေထဲမှာ စစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်မှု အဆုံးသတ်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ ရွေးကောက်ခံ အရပ်သားအစိုးရလက်အောက်မှာ ထားရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးတိုင်ဖျက်သိမ်းရေးနဲ့ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုတွေကိုလည်း တိုက်ဖျက်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ပြည်ထောင်စုအသစ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံရေး ဦးတည်ချက်တွေကို စစ်ကောင်စီက လက်ခံလာရင် စစ်အာဏာသိမ်းမှုကို အဆုံးသတ်ခြင်းနဲ့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့လည်း အဲဒီ့ဘုံသဘောထားရပ်တည်ချက်မှာ ထည့်သွင်းထားတာပါ။

NUG ရဲ့ ဘုံသဘောထားရပ်တည်ချက်ထဲမှာ တော်လှန်ရေးအလွန်ကာလမှာ တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးအစုအဖွဲ့တွေ စုပေါင်းပါဝင်မှုနဲ့ နိုင်ငံသစ်တည်ဆောက်သွားရေး၊ စစ်တပ်ကို အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်မှု မရှိစေရေး စတဲ့ အချက်တွေလည်း ပါဝင်နေပြီး အဲ့ဒီမျှော်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်တဲ့ တော်လှန်ရေးမဟာမိတ်အင်အားစုတွေနဲ့ ညှိနှိုင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ပုံစာ – KIA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်၊ မံစီမြို့နယ်က စခန်းကုန်းတွေကို သွားရောက်ကြည့်ရှုနေတဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

ဓာတ်ပုံ – NUG ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."