ယင်းမာပင်-၂၀၂၃ နိုဝင်ဘာ ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေမှာသုံးလနီးပါးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ အခုလ ၁ ရက်က တပ်ပြန်ဆုတ်သွားတာကြောင့် စစ်ဘေးရှောင်အများစု မနေ့ကစပြီး သူတို့နေရပ်တွေဆီပြန်နေကြပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်တွေဟာ တပ်ပြန်ဆုတ်ရင်း ရွာတွေထဲက အဖိုးတန်ပစ္စည်းတွေနဲ့ အသုံးအဆောင်တွေလည်း ယူဆောင်သွားတယ်လို့ ကျောက်မှော်ရွာသားတစ်ဦးကပြောပါတယ်။
“ ပစ္စည်းတွေကော၊ ရွာထဲရှိတာတွေပါအကုန်ယူသွားလို့ နေအိမ်ပြန်ရပေမယ့် စားနပ်ရိက္ခာကတော့ အခက်အခဲရှိနေတုန်းပဲ။ အဖွဲ့အစည်းတွေ လာကူညီနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ” လို့ သူကပြောပါတယ်။
စစ်ရှောင်နေရတဲ့ ကာလအတွင်း ဒေသခံစစ်ရှောင်တွေ ရိက္ခာပြတ်လို့ ဆန်ပြုတ်သောက်ရတဲ့ အခြေအနေထိပါကြုံခဲ့ရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ယင်းမာပင်အရှေ့ခြမ်းမှာရှိတဲ့ ကျောက်မှော်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ကတည်းက စေသူသစ်ကွင်းမှာ သစ်ထုတ်ရင်းတပ်စွဲထားတာကြောင့် ထောင်ချီတဲ့ ဒေသခံတွေဟာ နီးစပ်ရာဒေသတွေကို သုံးလနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
အဲဒီစစ်ကောင်စီတပ်တွေ ပြန်ထွက်သွားပြီးနောက်မှာတော့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ကျောက်မှော်ကျေးရွာအုပ်စုက ရွာတွေထဲကို နယ်မြေရှင်းလင်းရေး အရင်လုပ်ဆောင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာတွေထဲမှာ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေဆောက်ကာ အခိုင်အမာတပ်စွဲထားပြီးမှ တပ်ပြန်ဆုတ်သွားတာဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေဆီအင်အားဖြည့်ဖို့ ပြန်ဆုတ်သွားတာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကျောက်မှော်ကျေးရွာအုပ်စုက ဒေသခံအများစု ရွာတွေထဲပြန်ကုန်ကြပေမယ့် တချို့လည်း တောတွေထဲမှာ ဆက်ရှောင်နေကြတုန်းပဲလို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။
“ဒီနေ့ စစ်သင်္ဘောတွေ ကနီရောက်နေပြီကြားလို့ ရွာထဲ မပြန်ရဲကြသေးတဲ့သူတွေလည်းရှိတယ်။ လက်နက်ကြီးတွေနဲ့ ရွာတွေထဲရမ်းပစ်မှာစိုးလို့ ဆက်ရှောင်နေကြတာ” လို့ သူကပြောပါတယ်။
ကျောက်မှော်ကျေးရွာအုပ်စုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကြောင့် ပြီးခဲ့တဲ့ဩဂုတ် ၆ ရက်ကစပြီး ကြက်လျှာ၊ ကျောက်ကုန်း၊ နှောပင်၊ နုံးတန်း၊ ကျွန်းပေါ်၊ အင်းဘက်၊ ပတိန်ပြင်၊ သံပို၊ စေသူ စတဲ့ရွာတွေက ထောင်ချီတဲ့ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောတွေထဲကို ထွက်ပြေးခဲ့ရတာပါ။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ နှစ်သန်းနီးပါးအထိ ရှိလာပြီး အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ဆိုထားပါတယ်။
ပုံစာ-ကျောက်မှော်ကျေးရွာအုပ်စုကနေ စစ်ကောင်စီတပ်တွေ တပ်ပြန်ဆုတ်ပြီးနောက် မြင်တွေ့ရတဲ့ မြင်ကွင်းများ။
Photo – Supplied

