ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) ပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ကိုသိမ်းပိုက်ပြီး မြို့ရဲ့အရှေ့တောင်ဘက်မှာရှိတဲ့ နမ္မတူမြို့က စစ်ကောင်စီစခန်းကို ဆက်လက်တိုက်ခိုက်နေတာကြောင့် မြို့ခံတွေ စစ်ရှောင်ကုန်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ နမ္မတူမြို့ပေါ်က လက်နက်ကြီး/ငယ်သံတွေ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲက မြို့ပေါ်အထိ ရောက်လာပြီဖြစ်တယ်လို့ ဒေသခံ တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“မနေ့ကနေ့လယ်လောက်တည်းက ပစ်နေတာ။ ကျွန်တော်တို့လည်း ဘယ်မှမထွက်တော့ဘူးနေတာ။ ဒီမနက် လေယာဉ်တွေလည်းဝဲ၊ မြို့ထဲကိုပါ လက်နက်ကြီးတွေပါကျတော့ ကျွန်တော်တို့လည်း ထွက်လာလိုက်တယ်။ မြို့ထဲမှာတော့ ဈေးဆိုင်တွေလည်း သိမ်း၊ အိမ်တွေလည်း အကုန်တံခါးတွေပိတ်ပြီး ပြေးတဲ့သူကလည်းပြေးနဲ့ တစ်မြို့လုံး လူသူမရှိတော့ဘူး” လို့ ၎င်းက ပြောပါတယ်။
မနေ့က နေ့လယ်ပိုင်းကစပြီး လားရှိုး-နမ္မတူလမ်းပိုင်းပေါ်မှာရှိတဲ့ လားရှိုးမြို့အဝင် အီနိုင်းတံတားကိုလည်း စစ်ကောင်စီတပ်က ယာယီဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် မူဆယ်ကနေ ဆင်းလာတဲ့ ကားတွေ ပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“လမ်းက ပိတ်လိုက် ပြန်ဖွင့်ပေးလိုက်ပဲ။ အခု ဒီမနက်လည်း ပိတ်ထားတယ်။ လုံးဝပေးမဖြတ်တာတော့ မဟုတ်ဘူး။ အရင်ရက်တွေကတော့ စစ်ဆေးပြီးတော့ တစ်စီးခြင်းပေးဖြတ်တယ်။ တိုက်ပွဲဖြစ်တိုင်း အဲ့ဒီလမ်းကို ပိတ်ထားတာ” လို့ ၎င်းယာဉ်မောင်းက ပြောပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့မှာ ပါဝင်တဲ့ TNLA ဟာ မန်တုံမြို့က စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းတစ်ခုဖြစ်တဲ့ ခလရ-၁၃၀ ကို ဒီဇင်ဘာ ၂၄ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲ့ဒီ ခြေလျင်တပ်ရင်းအပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းတွေ၊ ရဲစခန်းတွေ၊ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကိုလည်း သိမ်းပိုက်ပြီးတော့ မန်တုံမြို့ကို TNLA က ထိန်းချုပ်ထားလိုက်ပြီးနောက် လမ်းကြောင်းတစ်ဆက်တည်းဖြစ်နေတဲ့ နမ္မတူမြို့ကိုပါ ထပ်မံတိုက်ခိုက်လာတာပါ။
လက်ရှိမှာ TNLA တပ်က နမ္မတူမြို့အဝင် မိုင်းတောင်ကျေးရွာအနီးမှာ လမ်းပိတ်ထားသလို စစ်ကောင်စီတပ်ကလည်း နမ္မတူအထွက် လားရှိုးအဝင် လမ်းကို ပိတ်ထားတာကြောင့် အဲ့ဒီလမ်းကြောင်းမှာ အရပ်သားပြည်သူတွေ၊ စစ်ဘေးရှောင်တွေ ပိတ်မိနေတယ်လို့ ဒေသတွင်း အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အခုက ကျွန်တော်တို့ လိုက်ခေါ်ပေးတယ်။ ပိတ်မိနေတဲ့သူတွေ ရောက်တဲ့နေရာမှာပဲ လုံလုံခြုံခြုံနေဖို့ကို မှာတယ်။ ကျွန်တော်တို့ကို ဆက်သွယ်အကူအညီတောင်းလာတဲ့သူတွေရှိရင် တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး သွားခေါ်ပေးတာတွေ ရှိတယ်” လို့ အဲ့ဒီ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
မနေ့က မနက်ပိုင်းကစပြီး TNLA နဲ့ စစ်ကောင်စီတပ်တွေ နမ္မတူမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်မှာ စစ်ကောင်စီတပ်ဟာ နမ္မတူမြို့တွင်းနဲ့ ခိုဖိတ်ကျေးရွာ အနီးတဝိုက်ကို Y12 လေယာဉ်နဲ့ ဗုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့သလို နမ္မတူအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
TNLA ဟာ ရှမ်းမြောက်ဒေသမှာ ပြုလုပ်နေတဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ဆန်၊ နမ့်ခန်း၊ မန်တုံမြို့တို့ကို သိမ်းယူနိုင်ခဲ့ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ပုံစာ – နမ္မတူမြို့တွင်း ဒီနေ့မနက်ပိုင်းမြင်ကွင်း
ဓာတ်ပုံ – Nan Hom

