သဇင်လတ်
ရန်ကုန် ၂၀၂၀ ၊ နိုဝင်ဘာ ၂၅ (မော်ကွန်း)
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ကောက်ယူသည့်စစ်တမ်းတွင်ဖြေဆိုကြသည့် စားသောက်ဆိုင်ငါးရာကျော်တွင် ၆၀ ရာခိုင်နှုန်းခန့်မှာ ယခုလကုန်တွင် ပိတ်သိမ်းသွားရန်တင်ပြထားကြသည်ဟု အသင်း၏ ဒုဥက္ကဌ (၂) ဦးမြတ်ဆွေမြင့်က မော်ကွန်းသို့ပြောသည်။
” သူတို့အခက်အခဲတွေက ဆိုင်ခန်းငှားခတို့၊ လစာတွေအတွက်ကိုပေးဖို့က တော်တော်အခက်အခဲဖြစ်သွားပြီပေါ့။ အဲဒီတော့ခဏရပ်ကြမယ့်လူတွေလည်းရှိတယ်၊ အပြီးပိတ်သွားရမယ့် လူတွေလည်းရှိနေတယ် “ဟု ၎င်းကဆိုသည်။
၎င်းအသင်းသည် မေလမှစတင်၍ စားသောက်ဆိုင်လုပ်ငန်းရှင်များအပေါ် COVID -19 ကပ်ရောဂါ ၏သက်ရောက်မှုစစ်တမ်းကိုကောက်ယူခဲ့ရာ စားသောက်ဆိုင်အချို့မှာ ပိတ်ထားရပြီး အချို့မှာ ပါဆယ်စနစ်ဖြင့်ရောင်းချနေသော်လည်း ဝယ်ယူသူနည်းပါးသဖြင့် ၀န်ထမ်းခ၊ ဆိုင်ငှားခနှင့်အကောက်ခွန်များပေးရန် မတတ်နိုင်ကြတော့သည့်အခြေအနေဖြစ်ကာပိတ်ကြရတော့မည့်အခြေအနေတွေ့ရှိရသည်ဟု ဦးမြတ်ဆွေမြင့်ကရှင်းပြသည်။
” ဆိုင်ငှားခတစ်နှစ်စာကြိုပြီးတော့လစာပေးထားရတဲ့ဆိုင်တွေက သက်တမ်းကျန်နေလို့သာဆိုင်တွေက ရှိနေတာလေ။ အခုစာချုပ်သက်တမ်းပြည့်သွားလို့ အသစ်ပြန်ချုပ်ရမယ့်ဆိုင်တွေ ကျတော့မချုပ်နိုင်တော့ဘူး”ဟု၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် COVID _19 ရောဂါစတင်ဖြစ်ပွားခဲ့သည် မတ်လမှစတင်၍ စားသောက်ဆိုင်များကို ပါဆယ်သာရောင်းချခွင့်ပေးခဲ့သည်။ မေလ ၁၈ ရက်တွင် ဆိုင်ထိုင်စားခွင့်ပြန်ပေးခဲ့သော်လည်း သြဂုတ်လမှစတင်၍ ပိုးတွေ့ရှိမှုပြန်လည်မြင့်တက်လာသဖြင့် ပါဆယ်သာပြန်လည်ရောင်းချနေကြရသည်။
ယခုလကုန်တွင် Stay at home သတ်မှတ်ထားခြင်းမရှိသည့် မြို့နယ်များမှစားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန်စီစဉ်နေသည်ဟု နိုဝင်ဘာ ၁၇ ရက်ကပြုလုပ်သည့် COVID _19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီအစည်း အဝေးမှတ်တမ်းတွင်ဖော်ပြထားသည်။
စားသောက်ဆိုင်များဆက်လက်ရပ်တည်နိုင်ရေးအတွက် နေရာငှားရမ်းခလျှော့ပေးရေးနှင့် အခွန်၊ အခများလျှော့ကောက်ရေးညှိနှိုင်းပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ထံသို့တင်ပြထားသည်ဟု မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှသိရသည်။
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတွင်အသင်းဝင်စားသောက်ဆိုင်ပေါင်း ၁,၅၀၀ ခန့်ရှိနေသည်။
ပုံစာ-၄၉ လမ်းထောင့်နှင့်အနော််််ရထာလမ်းမပေါ်ရှိ ပိတ်ထားသည့် စားသောက်ဆိုင်တစ်ဆိုင်ကို ယနေ့ နေ့လည်ပိုင်းတွင်တွေ့ရစဉ်
#Dailynews

