ရေစကြို – ၂၀၂၂ ဇွန် ၁၄ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက သဲတော၊ဇီးတော၊ ကျောက်ထပ်စတဲ့ ရွာသုံးရွာက စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်ဟာ အခုလက်ရှိမှာ မိုးမလုံတဲ့ ထန်းလက်ကာတဲတွေမှာ နေထိုင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။
ထန်းလက်ကာတဲတွေမှာနေထိုင်ရတာကြောင့် မိုးရွာလေတိုက်တဲ့ညတွေမှာ ကလေးငယ်တွေနဲ့အခက်ခဲဖြစ်ရတယ်လို့ ကလေးသုံးယောက်မိခင်ကိုယ်ဝန်ဆောင်သည်တစ်ဦးကပြောပါတယ်။
“ကလေးတွေနဲ့မိုးရွာတဲ့ညတွေဆို စုပြုံပြီးနေကြရတာပေါ့၊မိုးတွေရွာ၊လေတွေတိုက်တဲ့နေ့ဆိုရင် ညတောင်မအိပ်ရဘူး၊ပြေးလာတုံးကပါလာတာတွေကပါလာတယ်၊မပါလာတာတွေလဲရှိတယ်”လို့သူကပြောပါတယ်။
နေစရာတဲတွေကို မိုးကာတွေနဲ့ ဆောက်ထားကြသူတွေရှိသလိုအညာဒေသဖြစ်တာကြောင့် ထန်းလက်တွေနဲ့ဆောက်ထားရတဲ့တဲတွေပဲများတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
မိုးကာတွေ အဓိကလိုနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ရွာကနေပြေးလာတာ နှစ်လ ကျော်ကြာပိီဖြစ်ပြီး နောက်ထပ်လည်းစစ်ကြောင်းထိုးနိုင်တဲ့အခြေအနေမို့ရွာမပြန်နိုင်သေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။
“သောက်ရေအခက်ခဲလည်း ရှိတာပေါ့ကန်ထဲကရေတွေကလည်း တိရိစ္ဆာန်တွေလည်းဆင်းသောက်၊လူလည်း အဲ့ရေပဲသုံးဆိုတော့ ရေအခက်ခဲတော့ရှိတယ်၊အစားအသောက်လည်း အခက်ခဲတွေရှိတယ်၊မျှဝေစားရတာပဲ”လို့ စစ်ရှောင်အဘွားအိုတစ်ဦးကပြောပါတယ်။
ရေစကြိုမြို့နယ်က စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေကူညီပေးနေတာတချို့ရှိပေမယ့်တကယ်အခက်အခဲဖြစ်တဲ့မိသားစုတွေကိုသာကူညီပေးနိုင်သေးတာကြောင့်လိုအပ်ချက်တွေရှိနေသေးတယ်လို့ ကူညီသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ အာဏာသိမ်းစစ်တပ်စခန်းရှိတဲ့ ဆင်ဖြူရှင်တံတားဂိတ်ကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဆားလင်းကြိီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပါတယ်။
ဆင်ဖြူရှင်တံတားတိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်ကအနီးအနားရွာတွေကိုစစ်ကြောင်းထိုးမီးရှို့တာတွေလုပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ – ရေစကြိုစစ်ရှောင်များနေထိုင်ရသည့်တဲများ။
ဓာတ်ပုံ – CJ
#Dailynews

