နမ့်ခမ်းမြို့ကို TNLA ထိန်းချုပ်

နမ့်ခမ်းမြို့ကို TNLA ထိန်းချုပ်

ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၇ (မော်ကွန်း)

ရှမ်းမြောက်ဒေသ တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးမှာရှိတဲ့ နမ့်ခမ်းမြို့ပေါ်က နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းကိုရှင်းလင်းလိုက်ပြီး မြို့ကို ထိန်းချုပ်ထားတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့မနက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

နမ့်ခမ်းမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိကာ တရုတ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။

TNLA တပ်တွေဟာ ယခုရက်ပိုင်းအတွင်းမှာ နမ့်ခမ်းကို မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီပြီး နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင် အကူအညီပေးရေး အဖွဲ့တွေဆီက သိရပါတယ်။

နမ့်ခမ်းမြို့ပေါ်က ဒေသခံတွေဟာ နမ့်ခမ်း – မူဆယ်လမ်းပိုင်းပေါ်ကနေ မူဆယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြသလို နီးစပ်ရာ တရုတ်နယ်စပ်အနီးက ကျေးရွာတွေကိုလည်း ထွက်ပြေးကြတယ်လို့ ပြောပါတယ်။

မြောက်ပိုင်းညီနောင်အဖွဲ့သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ယခုလ ၃ ရက်က စတင်ကာ နမ့်ခမ်းမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေးရက်အကြာတိုက်ခိုက်ပြီးနောက်မှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ဒုတိယမြောက်ရက်မှာပဲ နမ့်ခမ်းမြို့ပေါ်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ခမ်းမြို့နယ်အတွင်းက မိုင်းစီးရွာ၊ မန်ပူးကြီးရွာ၊ စတဲ့ ကျေးရွာတွေက စစ်ကောင်စီစခန်းတွေကိုလည်း သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ နမ့်ခမ်းမြို့လယ် ဘုရားဝန်းအတွင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့စစ်ပူးပေါင်းတပ်တွေကို TNLA က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် မြို့တစ်မြို့လုံးကို ရှင်းလင်းနိုင်ခဲ့ပြီလို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့တာပါ။

နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်နဲ့ စစ်အသုံးအဆောင် ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

TNLA တပ်ဖွဲ့ဟာ နမ့်ခမ်းမြို့ မြို့တွင်းက ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ တရားရုံးနဲ့ ဌာနဆိုင်ရာရုံးတွေအပါအဝင် တစ်မြို့လုံးကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့ဒေသခံ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးကတော့ “အချို့ကလည်း မူဆယ်ဘက်ကို ကားတွေ ဆိုင်ကယ်တွေနဲ့ တက်ပြေးတယ်။ အချို့ကလည်း နီးစပ်တဲ့ရွာတွေပေါ့ အဲ့ဒီက ဘုန်းကြီးကျောင်းတွေမှာပဲ စုပြီးနေကြတယ်။ အချို့လည်း နီးစပ်တဲ့အမျိုးတွေ အသိတွေရှိတဲ့ရွာတွေကို ပြေးကြတာပေါ့။ မြို့ပေါ်မှာာတော့ အိမ်စောင့်လောက်နဲ့ မပြေးနိုင်တဲ့ သူတွေလောက်ပဲကျန်တယ်။ သူတို့လည်း အပြင်လုံးဝထွက်မထွက်ရဲဘူး” လို့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြောပါတယ်။

လက်ရှိမှာ နမ့်ခမ်းမြို့ခံ စစ်ဘေးရှောင် ၁,၅၀၀ ခန့်ဟာ မြို့အနီးက ကျေးရွာတွေဖြစ်တဲ့ ကွန်ဟိန်း၊ နောင်ခမ်း၊ မန့်ကွန်၊ အစရှိတဲ့ ကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေမှာ ရောက်ရှိနေတယ်လို့ ၎င်းက ဆက်လက်ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ရှိတာကြောင့် နမ့်ခမ်းမြို့ပေါ်က နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ နမ့်ခမ်းမြို့ခံတွေဆီက သိရပါတယ်။

နမ့်ခမ်းမြို့ဒေသခံတစ်ဦးကတော့ “ကျွန်မအမေအိမ်ခေါင်မိုးပေါ် မနေ့က ဗုံးကျတယ်။ ဗုံးက ခေါင်မိုးပေါ်မှာတစ်လုံး အိမ်ရှေ့မှာနှစ်လုံးကျတယ်။ ကံကောင်းလို့ လူဘာမှမဖြစ်လိုက်ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ စောင်၊ အနွေးထည်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဒေသခံ ပရဟိတအသင်းက ပြောပါတယ်။

“စစ်ဘေးရှောင်တွေဆိုတော့ အဓိက လိုအပ်တာတော့ စားရေးရိက္ခာပဲဗျ၊ နောက်ပြီးတော့ ဆောင်းတွင်းဝင်လာပြီဆိုတော့ အေးလာပြီဗျ။ အနွေးထည်တို့ စောင်တို့ လိုအပ်တယ်။ စစ်ဘေးရှောင်တွေက များသောအားဖြင့် ဘာမှ သိပ်မသယ်လာနိုင်ဘဲ ထွက်လာကြတာများတော့ အဲ့ဒီလို လိုအပ်ချက်တွေတော့ ရှိနေတာပေါ့” လို့ ၎င်းက ပြောပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့လ ၂၇ ရက်မှာ ၁၀၂၇ ဆိုတဲ့ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ရှမ်းမြောက်ဒေသက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲတွေကြောင့် ရှမ်းမြောက်ဒေသတစ်ခုလုံးမှာ စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်ထိ ရှိလာပြီဖြစ်တယ်လို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရှမ်းမြောက်ဒေသက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တို့ကိုလည်း သိမ်းပိုက်ရရှိကာ အပြည့်အဝ ထိန်းချုပ်ထားပါတယ်။

ပုံစာ – နမ့်ခမ်းမြို့ကို TNLA တပ်တွေထိန်းချုပ်ထားတဲ့မြင်ကွင်း
ဓာတ်ပုံ – TNLA သတင်းနှင့်ပြန်ကြားရေးဌာန

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."