ထီးချိုင့် – ၂၀၂၃ ဧပြီ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်တောမအုပ်စု၊ ဖုန်ကုန်းရွာကို ဒီနေ့မွန်းလွဲပိုင်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကမီးရှို့ပြီးနောက် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာရွာကို အာဏာသိမ်းစစ်တပ်စစ်ကြောင်းက မနေ့က ညောင်ပင်သာရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ဟိုတစ်ခါရှို့တဲ့ ညောင်ပင်သာရွာကိုထပ်ရှို့တာ၊ ရှို့ပြီးပြန်အထွက်မှာ ပ.က.ဖတွေ တပ်ရင်းတွေနဲ့တိုက်ပွဲဖြစ်တာ၊ ဒီနေ့တော့ မြစ်ကြီးနားကနေဂျက်ဖိုက်တာနဲ့လာပစ်သွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မြစ်ကြီးနားမြို့ကနေ တက်လာတဲ့ဂျက်ဖိုက်တာနဲ့ ထီးချိုင့်မြို့နယ်ထဲက တောမရွာနဲ့ မရသိမ်ရွာတွေကို ဒီနေ့ မနက် ၉:၀၀ မှာနှစ်ကြိမ်၊ မနက် ၁၀:၀၀ ကျော်မှာ နှစ်ကြိမ်၊ နေ့ခင်းပိုင်းမှာနှစ်ကြိမ် လာရောက်ဗုံးကျဲခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ညောင်ပင်သာရွာကို မတ်လ ၃၀ ရက်နေ့မှာ တစ်ကြိမ်မီးရှို့ခဲ့ပြီး မနေ့က နေအိမ်လေးလုံးကိုထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၃ ၊ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကိုင်းတိုင်းအတွင်းက နေအိမ် ၄၇,၇၇၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။
#Dailynews

