ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၃ (မော်ကွန်း)
ပဲခူးမြို့အရှေ့ဘက်ခြမ်းက ကွေ့တန်းရှည်နဲ့ ကျိုက်ကေကျေးရွာတွေမှာ ရေကြီးမှုကြောင့် သောက်သုံးရေအခက်အခဲကြုံနေရကာ ဝမ်းရောဂါ အန္တရာယ်စိုးရိမ်ရတယ်လို့ သွားရောက်ကူညီနေသူတစ်ဦးကပြောပါတယ်။
“ ဒီမှာက တွင်းရေသုံးကြတာ။ ရေကြီးတော့ မြစ်ရေ၊ ချောင်းရေတွေဝင်လာပြီ အကုန်ပျက်ကုန်တာ။ သောက်သုံးရေအခက်အခဲကြုံနေရတယ်။ ကြာလာရင် ဝမ်းရောဂါဖြစ်မှာစိုးလို့ သောက်ရေဗူးတွေ၊ ဓာတ်ဆားထုပ်တွေလည်းလှူပေးနေပါတယ်” လို့ သူကပြောပါတယ်။
အဲဒီရွာဟာ ပဲခူးတိုးဂိတ်မရောက်ခင်၊ ညောင်အေးလမ်းဆုံအကျော်ကဝင်သွားရတာဖြစ်ပြီး ပဲခူးမြစ်အနီးမှာတည်ရှိတယ်လို့ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးမြို့မှာ မိုးကြီးပြီး ပဲခူးမြစ်ရေတက်လာသလ်ို အဲ့ဒီရွာတွေမှာလည်း ချောင်းရေတက်လာတာကြောင့် ရေကြီးမှုကြုံခဲ့ရတာလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
“ ဒီမှာက နှစ်ရွာပေါင်းဆို အိမ်ခြေ ၃၀၀ နီးပါးရှိတယ်။ ရေတွေလည်းဝင်ကုန်လို့ အကုန်ပြန်ပြီးစုပ်ထုတ်ရမှာ။ သောက်သုံးရေအပြင် ဆန်၊ဆီ၊ ဆား၊ စားနပ်ရိက္ခာအကူအညီတွေလည်းလိုအပ်နေတယ်” လို့ အဲဲဒီရွာတွေမှာ လိုက်ပါကူညီနေတဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။
ပဲခူးမြို့ပေါ်မှာ လက်ရှိရေကျသွားပေမယ့် မြေနိမ့်ပိုင်းရပ်ကွက်တွေ၊ မြစ်ကမ်းချောင်းနားနီးတဲ့ ကျေးရွာတွေမှာတော့ ရေမြုပ်နေတုန်းပဲလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
အခုတစ်ခေါက် ပဲခူးရေကြီးမှုကြောင့် ပဲခူးမြို့အပါအဝင် ကဝ၊ ဒိုက်ဦး၊ သနပ်ပင်၊ ဝေါ မြို့နယ်တွေက လူဦးရေ တစ်သိန်းကျော်ရေဘေးကြုံခဲ့ရတယ်လို့ မြန်မာ့သတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်က ထုတ်ပြန်ထားတယ်။
ပဲခူးတိုင်းဒေသကြီးလိုပဲ ရခိုင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လက မိုးကြီးပြီး မြစ်ရေတွေတက်လာလို့ သောက်သုံးရေကန် ၈၅ ကန် လောက် ပျက်စီးသွားခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ပဲခူးမြို့၊ ကွေ့တန်းရှည်ရွာမြင်ကွင်း
ဓာတ်ပုံ – Shwe Lei

