ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၆ (မော်ကွန်း)
ရန်ကင်းက လူငယ် ၁၄ ယောက်ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျော်ကြားမုန့်ဟင်းခါးဆိုင်ကို ဗဟန်းမြို့နယ်နေပြည်သူတွေက သပိတ်မှောက်နေကြပါတယ်။
“နာမည်ကြီးပါတယ်ဆိုတဲ့ဆိုင် ဗဟန်းရောက်တော့လုံးဝကိုမရောင်းရတော့ဘူး။ သူ့တို့အဆက်စပ်နဲ့ သူတို့ အော်ဒါတင်တာတွေတော့ ရှိချင်ရှိလိမ့်မယ်။ တစ်ရပ်ကွက်လုံးလည်း အဲဒီ့အကြောင်းပြောနေကြတာ။ ဘယ်သူမှလည်း သွားမစားကြဘူး၊ ညီကြတယ်။” လို့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။
ရန်ကင်းမြို့နယ်က လူငယ် ၁၄ ဦး ဖမ်းဆီးခံရမှုမှာ ပါဝင်ပတ်သက်တဲ့ ကျော်ကြားမုန့်ဟင်းခါးဆိုင်ဟာ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်ထဲကို မကြာသေးမီကပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။
စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီး ဧပြီလအတွင်းမှာ ရန်ကင်းက ကျော်ကြားမုန့်ဟင်းခါးဆိုင် မီးရှို့ခံရမှုနဲ့ ပတ်သက်ပြီး ရန်ကင်း အမှတ် (၄) ရပ်ကွက်မှာ လူငယ် ၁၄ ဦးကိုဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မေလ ၉ ရက် မှာ ကြေညာပါတယ်။
အဲဒီလို ဖမ်းဆီးခံရပြီးတဲ့နောက်မှာ ရန်ကင်းမြို့နယ်နေထိုင်သူတွေဟာ ကျော်ကြားမုန့်ဟင်းခါးဆိုင်ကို ဖဲကြဉ် ခဲ့ကြလို့ ဗဟန်းမြို့နယ်ကို ပြောင်းလာတာလို့ ရန်ကင်းမြို့နယ်နေထိုင်သူတွေက မော်ကွန်းကိုပြောပါတယ်။
ကျော်ကြားမုန့်ဟင်းခါးဆိုင်ကြောင့် သားဖြစ်သူဖမ်းဆီးခံထားရတဲ့ မိခင်တစ်ဦးကတော့ “အန်တီ မုန့်ဟင်းခါးကြိုက်တာတော့မှန်ပါတယ်။ ဒါပေမယ့် လမ်းကြုံလို့တောင် အဲ့ဆိုင်ဝင်စားမှာမဟုတ်ဘူး။ အန်တီ့သားအတွက် လုံးဝကမ္ဘာမကျေဘူး” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ ကျော်ကြားမုန့်ဟင်းခါးဆိုင်လိုပဲ တောင်ဥက္ကလာပမြို့နယ်က ငွေတောင်စားသောက်ဆိုင်ဟာလည်း ယခုနှစ် ဇန်နဝါရီ ၂၁ ရက်က တော်လှန်ရေးရဲဘော်တစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ Freeland Attack Force – FLA က ဇန်နဝါရီ ၂၃ မှာ ထုတ်ပြန်ခဲ့ပါတယ်။
Freeland Attack Force က ငွေတောင်စားသောက် ဆိုင်ကို တိုက်ခိုက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီလိုမဖြစ်ခင် ငွေတောင်စားသောက်ဆိုင်ဟာ ဆိုင်ထိုင်စားလို့ရပေမယ့် အခုတော့ ပါဆယ်ပဲရောင်းချတော့တယ်လို့ တောင်ဥက္ကာလာပမြို့နယ်နေထိုင်သူတွေကပြောပါတယ်။
“အစက ပိတ်ထားတာ၊ အခုမှ ပြန်ဖွင့်တာ။ ပါဆယ်ပဲရတယ်။ ရုံးတက်၊ ရုံးဆင်း အဲဒီဆိုင်အရှေ့ကဖြတ်ဖြစ်တယ်။ ဘယ်သူမှလည်းသိပ်လာမစားကြတော့ဘူး” လို့ တောင်ဥက္ကလာပမြို့နယ်နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဗဟန်းမြို့နယ်မှာဖွင့်လှစ်ထားတဲ့ ကျော်ကြားမုန့်ဟင်းခါးဆိုင်ကိုလည်း လူမှုရေးပြစ်ဒဏ် (Social Punishment) လုပ်ကြဖို့၊ ဖဲကြဉ်ကြဖို့ ဗဟန်းမြို့နယ်ပျောက်ကြားတပ်ဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။
ပုံစာ- ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင်ဖွင့်လှစ်ထားသည့်ကျော်ကြားမုန့်ဟင်းခါးဆိုင်
ဓာတ်ပုံ- ပေးပို့

