ရန်ကုန်-၂၀၂၄ ဇွန် ၁၄ (မော်ကွန်း)
အခုလ ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်လှုပ်ရှားမှုမှာပါဝင်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။
အဲဒီနေ့မှာ မွေးနေ့ရှင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ တော်လှန်တိုက်ပွဲဝင် လူထုတစ်ရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုတဲ့ အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်မှာဖြစ်တယ်လို့ သပိတ်အင်အားစုတွေကဆိုပါတယ်။
လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြည်လုံးကျွတ် ပန်းသပိတ်လှုပ်ရှားမှုကြီးကနေ စစ်အာဏာရှင်တွေ ပြုသမျှနုရမယ့် ဘဝမဟုတ်သလို ငုံ့မခံဘဲတုန့်ပြန်မယ့် သံမဏိနှင်းဆီတွေဖြစ်ကြောင်း သက်သေတည်ကြပါစို့လို့ နှိုးဆော်ထားပါတယ်။
“နှင်းဆီနီတွေအပါအဝင် အဆင်သင့်ရာပန်းတွေကို ပြည်သူလူထုက ဘုရားပန်းတင်မယ်၊ ပန်ဆင်ကြမယ်၊ အလှပန်းအိုးထိုးမယ်၊ အပြန်အလှန်လက်ဆောင်ပေးကြမယ်၊ အွန်လိုင်းပေါ်တင်ကြမယ်၊ မြေပြင်မှာလည်း ပန်းသပိတ်လူထုလှုပ်ရှားမှုတွေကို လုံခြုံရေးအသိ၊ သတိအပြည့်နဲ့ ဖော်ဆောင်ကြပါစို့လို့” ဒေါက်တာတေဇာဆန်းက ဆိုထားပါတယ်။
ရန်ကုန်မြို့ခံတစ်ဦးကလည်း အတိုင်ပင်ခံရဲ့ မွေးနေ့မှာ ဂုဏ်ပြုတဲ့အနေနဲ့ ပန်းသပိတ် ပါဝင်ဆင်နွှဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“နှစ်တိုင်း အမေစုမွေးနေ့ဆို အိမ်ကဘုရားမှာ နှင်းဆီပန်းနီတွေကပ်တယ်။ ပန်းပန်တယ်။ လုံခြုံရေးကြောင့် အပြင်ကိုတော့ ပန်းပန်ပြီးမထွက်ရဲပေမယ့် အိမ်မှာတော့ တနေကုန်ပန်ထားဖြစ်ပါတယ်။ ကိုယ်တက်နိုင်တဲ့ဘက်က ပါဝင်တာပါ”လို့ သူကပြောပါတယ်။
မနှစ်က ဇွန် ၁၉ ရက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့တုန်းကလည်း နိုင်ငံအနှံ့မှာ ပန်းသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေကတော့ အဲဒီနေ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းပန်တဲ့သူ တစ်ရာကျော်ကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
မကြာခင်ရက်ပိုင်းအတွင်း ကျရောက်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာလည်း ပန်းသပိတ်ပါဝင်ဆင်နွှဲမယ့်သူတွေ၊ ပန်းပန်သူတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပုံတင်သူတွေကို ဖမ်းဆီးအရေးယူဖို့ စစ်တပ်ထောက်ခံသူတွေက သူတို့ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ခြိမ်းခြောက်လှုံ့ဆော်နေကြပါတယ်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲအရေးယူထားတဲ့ အမှု၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပါတယ်။ ဒါပေမယ့် မနှစ်က ဩဂုတ် ၁ ရက်တုန်းက စစ်ကောင်စီက အမှုငါးမှုအတွက် ခြောက်နှစ်လွတ်ငြိမ်းခွင့်ပေးခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။
ပုံစာ-သပိတ်အင်အားစုတွေနှိုးဆော်ထားတဲ့ ပန်းသပိတ်လှုပ်ရှားမှု။
ဓာတ်ပုံ-Tayzar San

