ရန်ကုန် – ၂၀၂၄ မေ (၂၄ မော်ကွန်း)
ပြည်တွင်းမှာ မွေးမြူရေးအစာထုတ်လုပ်တဲ့ အကြီးစားစက်ရုံတစ်ခုက လုပ်ငန်းတွေရပ်ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်ခဲ့ပြီးနောက် မွေးမြူရေးအစာဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတယ်ပြီး ခြံဖမ်းဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ တိရိစ္ဆာန်မွေးမြူရေးအစာ ရောင်းချတဲ့ဆိုင်တွေနဲ့ မွေးမြူရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။
ကြက်သားပေါက်တွေကို ကျွေးရတဲ့ အစာဈေးနှုန်းဟာ မေလဆန်းပိုင်းက ကီလိုဂရမ် ၅၀ ပါ တစ်အိတ်ကို ကျပ် ခုနစ်သောင်းခွဲဝန်းကျင်ရှိရာက လက်ရှိမှာ တစ်အိတ်ကို ကျပ်ရှစ်သောင်းခွဲခန့်ရှိနေပြီး ဥစားကြက်အစာဈေးနှုန်းဟာလည်း ကီလိုဂရမ် ၅၀ ကို ကျပ် ခုနစ်သောင်းခွဲဝန်းကျင်ပဲ ရှိရာကနေ ကျပ် ကိုးသောင်းဝန်းကျင်ကို မြင့်တက်သွားတယ်လို့ မွေးမြူရေးအစာ ရောင်းဝယ်တဲ့ဆိုင်တွေဆီက သိရပါတယ်။
အဲဒီလို တိရစ္ဆာန်မွေးမြူရေးမှာ ပုံမှန်ကျွေးမွေးနေရတဲ့ အစာဈေးနှုန်းတွေ မြင့်တက်လာကြောင့် ကြက်၊ ဘဲ၊ ဝက် ခြံဖမ်းဈေးတွေလည်း မြင့်တက်လာတာလို့ ရန်ကုန်တိုင်းက ကြက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အစာက ဆတိုးတက်သလိုဖြစ်တာပေါ့၊ ၂၅ ရက်စာပဲ ခံတဲ့တစ်အိတ်က တစ်သောင်းခွဲလောက်တက်သွားတော့ ဆတိုးပဲလေ၊ ပုံမှန်ကျွေးနေရတော့ ခြံဖမ်းဈေးတွေလည်း လိုက်ပြီးတက်ကုန်တယ်” လို့ ၎င်းက ပြောပါတယ်။
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က ဝက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးကလည်း အစာဈေးနှုန်းမြင့်တက်လာတဲ့ အခြေအနေတွေကြောင့် ဝက်ခြံဖမ်းဈေးဟာ အခုရက်ပိုင်းမှာ တစ်ပိဿာကို ကျပ် ၂,၀၀၀ ဝန်းကျင်ထိ မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။
“လောလောဆယ် အစာဈေးကြီးလွန်းတော့ တခြား ဘာပြောင်းကျွေးရမလဲ စဉ်းစားလာကြတယ်။ အစာက ဈေးကြီးလွန်းတော့ တချို့ ဆက်မမွေးနိုင်လို့ အခုထဲက ထုတ်ရောင်းနေကြတယ်” လို့ ၎င်းက ပြောပါတယ်။
အလားတူ ဘဲ၊ ငုံး၊ ဝက် အစရှိတဲ့ မွေးမြူရေးအစာတွေရဲ့ ဈေးနှုန်းတွေဟာ ယခုရက်ပိုင်းအတွင်း ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေသလို မွေးမြူရေးမှာ လိုအပ်တဲ့ဆေးဝါးတွေပါ ဝယ်ယူလို့မရဖြစ်နေတယ်လို့ မွေးမြူရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။
မွေးမြူရေးအစာနဲ့ ဆေးဝါးဈေးနှုန်းတွေဟာ ယခုလပိုင်းအတွင်းမှာ ရက်ပေါင်း ၂၀ ကျော်အတွင်း သုံးကြိမ်ထိ မြင့်တက်ခဲ့တာလို့ ကြက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အကုန်အခက်အခဲဖြစ်တာပေါ့ သွင်းအားစုဈေးတက်တော့ ကြက်ဒိုင်တွေမှာလည်း ဈေးတွေ တက်မယ်။ ကြက်ဥဈေး၊ ဘဲဥဈေးတွေလည်း တက်လာနိုင်ပါတယ်” လို့ ၎င်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တိရိစ္ဆာန်အစာနဲ့ ဆေးဝါးတွေအပြင် ကြက်သားပေါက်တွေပါ ထုတ်လုပ်ရောင်းချနေတဲ့ ကိုရီးယားနိုင်ငံက CJ Feed Myanmar ကုမ္ပဏီဟာ အစာထုတ်လုပ်ဖို့ ကုန်ကြမ်းရရှိမှု ခက်ခဲလာတာ၊ အလုပ်သမားအင်အား မလုံလောက်တာတွေကြောင့် ယခုလကုန်ပိုင်းကစပြီး မွေးမြူရေးအစာ ထုတ်လုပ်မှုတွေအပါအဝင် လုပ်ငန်းအားလုံးကို ယာယီရပ်နားမယ်ကြေညာခဲ့ပါတယ်။
ပြည်တွင်းမှာ တိရိစ္ဆာန်အစာထုတ်လုပ်နေတဲ့ စက်ရုံ ၅၀ နီးပါးရှိပြီး လက်ရှိ မြင့်တက်နေတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကြောင့် ကုန်ကြမ်းဈေးနှုန်းတွေ မြင့်တက်လာကာ မွေးမြူရေးအစာဈေးနှုန်းတွေလည်း မြင့်တက်ခဲ့တာပါ။
ပုံစာ – ကျုံပျော်မြို့နယ်က ဝက်ခြံတစ်ခု
ဓာတ်ပုံ – ပေးပို့

