မိုးကုတ် – ၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း)
မန္တလေးတိုင်း၊မိုးကုတ်မြို့အရှေ့ပိုင်း ပြည်သူ့ဆေးရုံမှာ ဒဏ်ရာရစစ်သားတွေ ရောက်လာတဲ့အတွက် ပြင်ပလူနာလက်မခံတော့တာကြောင့် နှလုံးရောဂါသည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မိုးကုတ်မြို့ ညောင်ကုန်းရွာက အသက် ၅၀အရွယ်အမျိုးသမီးတစ်ဦးဟာ စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးသံတွေကြောင့်နှလုံးရောဂါဖောက်ခဲ့လို့ ဆေးရုံလာပြရာမှာ လက်မခံဘဲ မန္တလေးကိုလွှဲခဲ့တာကြောင့် လမ်းတစ်ဝက်မှာဆုံးသွားခဲ့တာလို့ ဆွေမျိုးနီးစပ်သူတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့မှာ စက်တင်ဘာ၁၀ရက်ကစတင်ပြီး ဆေးရုံတက်လူနာတွေဆင်းပေးခဲ့ရသလို စက်တင်ဘာ၂၀ရက်က စလို့လည်း ဆေးရုံမှာ အာဏာသိမ်းစစ်တပ်က ဒဏ်ရာရစစ်သားတွေ အရေအတွက်များနေတာကြောင့် ပြင်ပလူနာလက်မခံတာလို့ ဆေးရုံနဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။
‘သာမန်ဖျားတာလောက်ဆိုလက်မခံတော့ဘူး၊ အိမ်ပြန်ခိုင်းတယ်၊ ဆိုးတဲ့လူနာဆိုရင်လည်း မန္တလေးဆင်းခိုင်းတယ်၊ဆေးရုံမှာ ပြင်ပလူနာလက်မခံတော့ဘူး၊ သူတို့ပဲရှိတော့တယ်”လို့ ဆေးရုံကနေလှည့်ပြန်လာရတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ TNLA ပူးပေါင်းတပ်၊ မိုးကုတ်အခြေပြုတပ်ရင်းများ တိုက်ပွဲ ဖြစ်နေစဥ်အတွင်း အရှေ့ပိုင်းပြည်သူ့ဆေးရုံရဲ့ ဖျားနာဆောင်နဲ့ ရင်ခွဲရုံတွေမှာ စစ်သားတွေနဲ့ ပြည့်နေခဲ့တယ်လို့ ဆေးရုံနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
” ရင်ခွဲရုံမှာလည်းစစ်သားအလောင်းတွေပဲ၊ မီးသဂြိုလ်တာတောင်သူတို့ဘာသာသဂြိုလ်တာ၊ သဂြိုလ်စက်ကလူတွေကိုမသဂြိုလ်ခိုင်းဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ TNLA ပူးပေါင်းတပ်တို့ စက်တင်ဘာ ၁၀ရက်ကစတင်ပြီး စက်တင်ဘာ ၂၀ရက်ထိ တိုက်ပွဲပြင်းထန်ခဲ့ကြပြီး စစ်တပ်ဘက်က ထိခိုက်ကျဆုံးသူများခဲ့တယ်လို့ မိုးကုတ်တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
#Dailynews

