နေ့စဉ် စည်းကမ်းမဲ့ YBS ယာဉ်မောင်းတစ်ရာကျော်ကိုအရေးယူနေဟု YRTC ပြော၊ ထိရောက်မှုမရှိသေးဘူးဟု ခရီးသည်များကဆို

နေ့စဉ် စည်းကမ်းမဲ့ YBS ယာဉ်မောင်းတစ်ရာကျော်ကိုအရေးယူနေဟု YRTC ပြော၊ ထိရောက်မှုမရှိသေးဘူးဟု ခရီးသည်များကဆို

ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၂၂ (မော်ကွန်း)

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က‌ နေ့စဉ် ရန်ကုန်မြို့မှာ စည်းကမ်းမလိုက်နာတဲ့ YBS ယာဉ်မောင်း ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူနေပေမယ့် ထိရောက်မှုမရှိဘူးလို့ ရန်ကုန်မြို့နေထိုင်သူတွေကပြောပါတယ်။

ရန်ကုန်မြို့ကားမှတ်တိုင်တွေနဲ့ နေရာအနှံ့မှာ YRTC ရဲ့ ယာဉ်စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က မီးနီဖြတ်မောင်းတာ၊ ကားတံခါးဖွင့်မောင်းတာ၊ မှတ်တိုင်မရပ်တာ၊ ပြိုင်မောင်းတဲ့ YBS ဘတ်စ်ကား အစီးရေ တစ်ရာကျော်ကိုနေ့စဉ် ဒဏ်ကြေးရိုက်အရေးယူနေတယ်လို့ YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျှန်ကျင့်မန်ကပြောပါတယ်။ ဒါ့အပြင် YRTC မော်တော်ကားနဲ့ လှည့်ကင်းပတ်အရေးယူတာတွေလည်းလုပ်နေတယ်လို့သူကပြောပါတယ်။

“စည်းကမ်းမလိုက်နာတဲ့သူတွေကို ကျွန်တော်တို့အရေးယူတာ တစ်နေ့တစ်နေ့ကို မနည်းဘူး။ တစ်ရာကျော်တယ်။ တစ်လလုံးဆို တစ်ထောင်ကျော်လောက်ရှိတယ်။ မီးနီဖြတ်တာဆို သုံးသောင်းရိုက်တယ်။ သုံးခါဖြတ်ရင် ယာဉ်လိုင်းကနေအလုပ်ထုတ်တဲ့အထိလုပ်တယ်။ ဘေးတံခါးဖွင့်မောင်းတာတို့၊ ယှဉ်မောင်းတာတို့ ဆိုရင် ဒဏ်ကြေးတစ်သောင်းရိုက်တယ်။ အဓိကကတော့ ဒဏ်ကြေးတွေလိုချင်တာတော့မဟုတ်ဘူး၊ စည်းကမ်းလိုက်နာစေချင်တာ” လို့ သူကပြောပါတယ်။

YRTC က ဒီလိုအရေးယူမှုတွေလုပ်နေပေမယ့် ထိရောက်မှုမရှိဘူးလို့ရန်ကုန်မြို့ခံတွေကပြောကြပါတယ်။
“မနေ့တစ်နေ့က စလင်းကွင်းမှတ်တိုင်မှာ YBS 11 စောင့်နေတာတော်တော်ကြာပါတယ်။ ကားလာတော့အရှိန်လျော့ တံခါးဖွင့်ပြီးမောင်းသွားတယ်။ အနောက်ကပြေးလိုက်လည်း မရပ်ပေးဘူး။ ဂိတ်မှူးတွေကလည်းဘာမှမပြောဘူးဒီတိုင်းကြည့်နေတာ။အရေးယူတာကောဟုတ်ရဲ့လားမသိဘူး။” လို့ ကြည့်မြင်တိုင်မြို့နယ်နေထိုင်သူတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့ခံတစ်ဦးကလည်း “ဒီနေ့ပဲ မြေနီကုန်းကနေ ၁၀၅ စီးလာတာ။ ကားသမားက အရက်တွေသောက်ထားလားမသိဘူး၊ တစ်လမ်းလုံးဆဲဆိုနေတာ။ လူတွေဆင်းလို့မကုန်သေးဘူး ကားတံခါးပိတ်လိုက်တာ ကလေးတစ်ယောက်ညပ်သွားတယ်။ ပြီးလည်းပြီးရော ကားတံခါးပြန်ဖွင့်ပေးပြီး မောင်းထွက်သွားတယ်။”လို့ပြောပါတယ်။

YRTC က YBS ယာဉ်လိုင်းတွေကို ဒဏ်ကြေး သုံးသောင်းရိုက် အရေးယူတာဟာမထိရောက်သလို ပိုပြီးကြီးမားတဲ့အရေးယူမှုတွေလုပ်သင့်တယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

မ.ထ.သ စနစ်ကနေ ပြောင်းလဲလိုက်တဲ့ YBS စနစ်ဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မှာ လုံခြုံစိတ်ချမှု မရှိတော့လို့ ရန်ကုန်မြို့ခံတွေကြားမှာ ဝေဖန်မှုတွေမြင့်တက်နေတာပါ။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း YBS ယာဉ်လိုင်းတွေမှာ ခါးပိုက်နှိုက်ခံရတာ၊ လူတွေပြည့်ကြပ်နေလို့ မူးမေ့လဲတာကနေ နောက်ဆုံး အသက်ဆုံးတဲ့ အထိဖြစ်လာနေပါတယ်။

အခုလ ၁၁ ရက်၊ သာကေတမြို့နယ်မှာ YBS 76 ယာဉ်လိုင်းတစ်စီးပေါ်တက်တဲ့ လူငယ်နှစ်ဦးပြုတ်ကျ ကာ ကားတက်ကြိတ်ခံလိုက်ရပြီး တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ယာဉ်မောင်းဖြစ်သူကိုတော့ ပုဒ်မ ၃၀၄ (က)/ ၃၃၇/ ၂၀၂ နဲ့ နယ်မြေ (၇) ယာဉ်ထိန်းရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ YRTC ထံမှသိရပါတယ်။

ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်း ၁၁၉ လိုင်း၊ ယာဉ်အစီးရေ ၃,၀၀၀ ကျော် ပြေးဆွဲနေပြီး နေ့စဉ် စီးနင်းသူ ခရီးသည် ၁ သန်းကျော်ရှိတယ်လို့ YRTC ကထုတ်ပြန်ထားပါတယ်။

ပုံစာ- YRTC က YBS ယာဉ်လိုင်းတွေကိုစောင့်ကြည့်စစ်ဆေးနေစဉ်။
ဓာတ်ပုံ- YRTC


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."