အောင်ထူးနိုင်
ရန်ကုန်-၂၀၂၀ စက်တင်ဘာ ၁၈ (မော်ကွန်း)
COVID – 19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပဲခူးမြို့ ဇိုင်းဂနိုင်မြောက်ပိုင်းရပ်ကွက် ဘူတာ(၃) လမ်းဈေး တစ်လျှောက်ရှိ ပျံကျဈေးကို သက်ဆိုင်ရာက ပိတ်သိမ်းရန် ညွှန်ကြားထားသော်လည်း ပိတ်သိမ်းခြင်းမရှိသေးကြောင်း ထိုလမ်းတွင် နေထိုင်သူ ကိုထွန်းက ပြောသည်။
“၁၃ ရက်နေ့ကတည်းက မရောင်းရတော့ဘူးဆိုပြီး COVID ကော်မတီကနေ စာထုတ်ပြန်ထားပါတယ်။ အဲဒါကို ဒီနေ့အချိန်ထိ ရောင်းချနေတုန်းပါပဲ။ ရပ်ကွက် ဥက္ကဋ္ဌက မရောင်းချဖို့ အသံချဲ့စက်နဲ့ လိုက်အော်တယ်၊ အဲဒါလည်း ဒီနေ့အချိန်အထိ ဆက်ရောင်းနေတုန်းပါ” ဟု ၎င်းက ပြောသည်။
ထိုသို့ ရောင်းချနေမှုအပေါ် အရေးယူခြင်းမရှိသည့်အတွက် လမ်းသူလမ်းသားများက လက်မှတ်ထိုး၍ COVID – 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ယနေ့တင်ပြသွားမည်ဟု ဆိုသည်။
ကိုထွန်းက “COVID – 19 ဖြစ်ပွားနေစဉ်ကာလမှာတော့ လမ်းသူလမ်းသားတစ်ယောက်အနေနဲ့ ဒီဈေးကို ခေတ္တ ပိတ်ထားစေချင်တယ်” ဟု ပြောသည်။
အဆိုပါဈေးကို စည်ပင်သာယာက မြို့နယ် COVID – 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ညွှန်ကြားချက်ဖြင့် ပိတ်သိမ်းရန် ဆိုင်းဘုတ်ကပ်ပေးခြင်းဖြစ်ကြောင်း စည်ပင်သာယာကော်မတီဝင် ဒေါ်မြင့်မြင့်ဝေက ပြောသည်။
“စည်ပင်တစ်ယောက်နှစ်ယောက်လောက်တော့ ထားထားပါတယ်၊ ဒါပေမဲ့ အဲဒီလောက်နဲ့ မနိုင်ဘူး၊ အဲဒါက တကယ့်တမ်း သူတို့ ဆက်ပြီးဖွင့်တယ်ဆိုရင် အစောကတည်းက အစည်းအဝေးမှာ တင်ပြထားပြီးသားပါ။ ကျွန်မ တို့ စည်ပင်တစ်ခုတည်းနဲ့ အားနည်းတယ်၊ ဒါကြောင့် ဒီဟာကို ဆက်ဖွင့်နေတယ်ဆိုရင် ထွေအုပ်က သူတို့ပါ လိုက်ပြီးတော့ လုပ်မယ်လို့တော့ ပြောတယ်” ဟု ဒေါ်မြင့်မြင့်ဝေက ရှင်းပြသည်။
ထိုဈေးနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်တွင် COVID – 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အမှုဖွင့်ရန် ညွှန်ကြားထားသည်ဟု သိရှိရကြောင်း ဒေါ်မြင့်မြင့်ဝေက ပြောသည်။
ပဲခူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံက “ဒီဟာကို ကျွန်တော်မြင်တာက ရောဂါဖြစ်နေစဉ်ကာလမှာတော့ COVID ကော်မတီအနေနဲ့ ထိန်းကျောင်းဖို့ လိုတယ်။ စောင့်ကြည့်ပေးဖို့ လိုမယ်။ လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးဖို့ လိုမယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက တော်တော် ကြပ်ကြပ်မတ်မတ်နဲ့ လုပ်လိုက်တာ၊ ဒီတစ်ခေါက်မှာတော့ ကျွန်တော်မြင်တာက အရင်တစ်ခေါက်ထက် အားနည်း နေတယ်လို့ မြင်တယ်။ ဒုတိယတစ်ခေါက်က ပိုကြောက်စရာကောင်းတယ်လေ၊ ပိုပြီးတော့ သတိထားဖို့ လိုပါတယ်” ဟု သုံးသပ်သည်။
အဆိုပါ ဈေးနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်သွားမည်ကို COVID – 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူးကို မော်ကွန်းက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။
ဇိုင်းဂနိုင်မြောက်ပိုင်းရပ်ကွက်ရှိ ပျံကျဈေးအား ယနေ့နံနက်တွင် တွေ့ရစဉ်
ဓာတ်ပုံ – ကိုထွန်း
#Dailynews

