ငါန်းဇွန် – ၂၀၂၃ စက်တင်ဘာ ၁၂ (မော်ကွန်း)
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာရွာနဲ့ အောင်သုခရွာက ဒေသခံ ၆၁ ယောက်ကို အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းက စက်တင်ဘာ ၁၁ရက်မှာ ဖမ်းဆီးသွားပြီး ပြန်လည်လွတ်မြောက်မလာသေးဘူးလို့ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာကနေထွက်လာတဲ့ စစ်သား ၁၀၀ ဝန်းကျင်ပါ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ လက်ပံသာရွာကနေတဆင့် အနီးရွာတွေကို စစ်ကြောင်းထိုးလာပြီးနောက် ရွာသားတွေကိုဖမ်းဆီးထားတယ်လ်ို့ ငါန်းဇွန်မြို့နယ် ပ.က.ဖ တာဝန်ရှိသူကပြောပါတယ်။
” စစ်ကြောင်းလာတဲ့အချိန် မပြေးနိုင်တဲ့သူတွေ၊ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ဖမ်းထားတာပါ၊ လူသားဒိုင်းအနေနဲ့ဖမ်းထားတယ်၊ ဒီနေ့အထိတော့မလွှတ်သေးဘူး “လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ လက်ပံသာရွာ ဒေသခံ ၅၇ဦးနဲ့ အောင်သုခရွာဒေသခံ ၄ဦးတို့ကို လက်ပံသာရွာဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတာဖြစ်ပြီး အနီးကျေးရွာတွေဖြစ်တဲ့ အောင်သုခရွာ၊ ရက္ခဒီပရွာ၊ရေလည်သောင်ရွာ၊ လက်ာဒီပ ရွာ၊လက်ပံသာ ရွာ၊အောင်သာရွာ၊ မြောက်ကျွန်းရွာ၊ ကံသာရွာတွေကဒေသခံတွေတိမ်းရှောင်နေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးတာကြောင့် ကျေးရွာရှစ်ရွာက ဒေသခံ ၂,၀၀၀ ဝန်း ထွက်ပြေးတိမ်းရှောင်နေရပြီး စားရေးသောက်ရေးအခက်ခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

