ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၂၃ (မော်ကွန်း)
မြန်မာနိုင်ငံတစ်ဝှမ်းဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီမြစ်ရေဟာကြံခင်းမြို့နယ်ဆိပ်သာမြို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့နာရီပိုင်း အတွင်းထုတ်ပြန်ပါတယ်။
“မြေနိမ့်ပိုင်းတွေမှာတော့ရေတွေဝင်နေပြီဗျ။ ရေဘေးရှောင်ဖို့အတွက်ရွှေကံဘုန်းကြီးကျောင်းနဲ့ရဲစခန်းကြား မှာကယ်ဆယ်ရေးစခန်းတစ်ခုဖွင့်လှစ်ထားတာရှိပါတယ်။ကျွန်တော်တို့လည်းကူညီဖို့အသင့်ပြင်ဆင်ထားပါတယ်။” လို့ ဆိပ်သာမြို့လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံကပြောပါတယ်။
ကြံခင်းမြို့နယ်၊ ဆိပ်သာမြို့မှာဧရာဝတီမြစ်ရေဟာစိုးရိမ်ရေအမှတ်ကိုကျော်လွန်နေပြီး နောက် ၂၄ နာရီအတွင်းမှာထပ်တက်ဖို့ရှိ တယ်လို့မိုးဇလကထုတ်ပြန်ပါတယ်။
ကြံခင်းမြို့နယ်ဂရုဏာလူမှုကူညီရေးအဖွဲ့တာဝန်ခံကတော့ “မြို့ပေါ်မှာတော့အဲ့လောက်မတက်သေးပေမယ့် မြစ်နဲ့နီးတဲ့ရွာတွေမှာတော့ရေတွေတက်နေတယ်။ ရေထပ်ကြီးလာမယ်ဆိုရင်တော့ မြို့ပေါ်ဘိလပ်မြေစက်ရုံဂိုဒေါင်နဲ့စာသင်ကျောင်းတွေကိုပြောင်းရွှေ့ဖို့စီစဉ်ထားတယ်” လို့ပြောပါတယ်။
ကြံခင်းမြို့နယ်မှာ ကျေးရွာ ၂၅၀ ကျော်၊ အိမ်ခြေ ၂၆,၀၀၀ ကျော် နဲ့ လူဦးရေတစ်သိန်းနီးပါးနေထိုင်ကြပြီး တောင်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့၂၀၁၉ စက်တင်ဘာလအထိ စာရင်းတွေအရ ကြံခင်းမြို့နယ်ဟာရေဘေးဒဏ် ကို ၁၂ ကြိမ်တိတိကြုံခဲ့ရကာ အိမ်ခြေ ၁၅၀ ကျော်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာအခုလဆန်းကစပြီး မုတ်သုန်ရာသီကြောင့်နေရာအနှံ့အပြားမှာ မိုးအဆက်မပြတ်ရွာတာ၊ မြစ်ရေတက်မှုတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားကာမြေပြကျမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့အရှေ့ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူး၊ကရင်၊မွန်နဲ့တနင်္သာရီတိုင်းဒေသကြီးက မြို့နယ် ၁၆ ခုက ဒေသခံငါးသောင်းနီးပါးဟာရေဘေးသင့်ခဲ့ပြီး လူဦးရေ သုံးသောင်းကျော်ကိုရေဘေးရှောင်ယာယီစခန်းတွေကို ပို့ဆောင်ခဲ့ရတယ်လို့ အခုလ ၁၆ ရက်ကထုတ်ပြန်ပါတယ်။
ပုံစာ-ကြံခင်းမြို့နယ်မြစ်ရေတက်နေသည့်မြင်ကွင်း။
ဓါတ်ပုံ-ဂရုဏာလူမှုကူညီရေးအသင်း
#Dailynews

