ဆန်တင်ပို့ခွင့်ပိတ်တာက စပါးဈေးကျပြီး လယ်သမားတွေ အထိနာစေမယ်လို့ဆို

ဆန်တင်ပို့ခွင့်ပိတ်တာက စပါးဈေးကျပြီး လယ်သမားတွေ အထိနာစေမယ်လို့ဆို

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂၈ (မော်ကွန်း)

ဆန်ဈေးတက်နေတာကိုထိန်းချုပ်ဖို့ ဆန်ပြည်ပပို့ခွင့်ပိတ်ပြီးဖြေရှင်းဖို့ စစ်ကောင်စီကကြိုးစားလာတာဟာ ဆန်ဈေးမကျဘဲ စပါးဈေးထိုးကျပြီး အရင်းအနှီးကြီးကြီးနဲ့စိုက်ထားရတဲ့ လယ်သမားတွေသာ ရေရှည်မှာထိခိုက်ဖို့ရှိတယ်လို့ တောင်သူ တွေနဲ့ကုန်သည်တချို့က ပြောပါတယ်။

စစ်ကောင်စီနဲ့တိုင်ပင်ပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်နေမှုကိုထိန်းချုပ်ဖို့ ပြည်ပဆန်တင်ပို့ခွင့်လိုင်စင်ကို ယခုလကုန်ကစပြီး တစ်လခွဲကြာယာယီပိတ်ပြီး ဈေးကျလာဖို့ စီစဉ်နေတာပါ။

ဆန်ကုန်သည်တွေရဲ့အဆိုအရ စက်တင်ဘာလအတွက် ပြည်ပပို့ခွင့်ပါမစ်တွေကို မချပေးတော့ဘူးလို့ ဆိုပါတယ်။

စပါးစိုက်တောင်သူတချို့ကတော့ စက်သုံးဆီ၊ လယ်ထွန်စက်၊ ဓါတ်မြေဩဇာနဲ့ ပိုးသတ်ဆေးအပါအဝင် လယ်ယာလုပ်သားခကအစ မြင့်မားတဲ့ကုန်ကျစရိတ်တွေနဲ့ ဒီရာသီမှာ သူတို့လယ်တွေကိုထွန်ယက်စိုက်ပျိုးထားရတာကြောင့် စပါးပေါ်ချိန်မှာ ဈေးမရမှာကိုစိုးရိမ်တယ်လို့ ပြောပါတယ်။

အောက်တိုဘာမှာ စတင်ထွက်လာမယ့် စပါးသစ်ထွက်ချိန်နဲ့ အခုအစီအစဉ်က တိုက်ဆိုင်နေတာကြောင့် အရင်းကြီးကြီးနဲ့ စိုက်ထားရတဲ့ လယ်သမားတွေသာနာဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

“ အခုပိတ်ရင်တော့ အလွန်အကျွံထိုးမကျသေးဘူး။ စပါးပေါ်ချိန်ထိပိတ်ရင်တော့ ဝယ်သူမရှိလောက်အောင်ကို ထိုးကျသွားနိုင်တယ်။ စပါးကပေါ်လာတယ်၊ ဈေးကွက်မရှိတော့ ဝယ်မယ့်သူမရှိဘူးဆိုရင် စပါးဈေးထိုးကျသွားမှာပေါ့။ လယ်သမားတွေလည်း ဆင်းရဲပြီးရင်းပိုဆင်းရဲသွားမှာပဲ” လို့ သူကပြောပါတယ်။

နိုင်ငံရေးပဋိပက္ခကြောင့် သယ်ယူပို့ဆောင်ရေး အတားအဆီးတွေရှိနေသလို မိုခါမုန်တိုင်းဒဏ်သင့်ထားတဲ့ ရခိုင်ပြည်နယ်ကလယ်သမားတွေဟာ အခြားဒေသက လယ်သမားတွေထက် ဒီနှစ်စိုက်ရာသီမှာ စရိတ်ကြီးမြင့်စွာနဲ့ သူတို့လယ်တွေကို စိုက်ပျိုးထားခဲ့ကြရတာလည်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က စပါးစိုက်တောင်သူတစ်ဦးကတော့ စပါးဈေးကျသွားတဲ့အခါ လှောင်နိုင်တဲ့ကုန်သည်တွေသာ အကျိုးအမြတ်ပိုရမှာ ဖြစ်ပြီး လယ်သမားတွေကတော့ အရှုံးနဲ့ရင်ဆိုင်ရမှာမို့ လာမယ့်ရာသီစိုက်ပျိုးနိုင်ရေးပါ ခက်သွားမယ်လို့ ပြောပါတယ်။

“ စပါးဈေးကျရင်တော့ အကုန်လုံးပိုပြီး ဆင်းရဲသွားကြမှာ။ စပါးဈေးတွေ ထိုးကျသွားရင် မကောင်းဘူး။ စားသုံးတဲ့သူတွေလည်းစားသုံးနိုင်အောင်၊ လယ်စိုက်တဲ့သူတွေလည်း စိုက်နိုင်အောင်၊ အဲဒီကြားမှာ သဟဇာတဖြစ်အောင်တော့ လုပ်ပေးရင်တော့ပိုကောင်းမှာပေါ့” လို့ သူက ပြောပါတယ်။

ကမ္ဘာ့ထိပ်တန်းဆန်ပို့တဲ့ ၁၀ နိုင်ငံစာရင်းဝင်တဲ့ မြန်မာကနေ အဓိက ပြည်ပကိုရောင်းချနေတာက ဆန်ကွဲနဲ့ ဆန်ကြမ်းအမျိုးအစားတွေဖြစ်ပြီး လက်ရှိ ပြည်တွင်းမှာကျပ်သိန်းနဲ့ချီ စံချိန်တင် ဈေးမြင့်နေတဲ့ဆန်တွေကတော့ ဒီမှာတင်အများစု စားသုံးကြတာ ဖြစ်ပါတယ်။

ဆန်တင်ပို့ခွင့်ပိတ်လိုက်တာကြောင့် ဆန်ကွဲနဲ့ ဆန်ကြမ်းစားသုံးတဲ့သူတွေအတွက် ဆန်ဈေးအနည်းငယ်ကျလာနိုင်ပေမယ့် အခြားအမျိုးအစားဆန် စားသုံးသူတွေအတွက် သိသာတဲ့အကျိုးကျေးဇူးမရှိနိုင်ဘူးလို့ ဆန်ကုန်သည်တချို့က ပြောပါတယ်။

“ ဆန်ကြမ်းက ကျလာရင်တော့ အဲ့ဒီဆန်ကို စားချင်လည်းစားကြမှာပေါ့။ ပေါ်ဆန်းက တစ်သိန်းခွဲ၊ ဆန်ကြမ်းက ခုနစ်သောင်းလောက်ဆို ဆန်ကြမ်းစားကြမှာပဲပေါ့။ ဒါပေမဲ့ အခုလိုပိတ်လိုက်တော့ နိုင်ငံခြားငွေရရှိမှု ကျဆင်းမယ်၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုကျဆင်းမယ်။ လယ်သမားတွေနဲ့ ပို့ကုန်သမားတွေကတော့ အခက်အခဲဖြစ်တာပေါ့။ နဂိုတည်းက ပို့ကုန်ကအခက်အခဲတွေရှိနေတာ” လို့ မူဆယ်ကုန်စည်ဒိုင်က ကုန်သည်တစ်ဦးက ပြောပါတယ်။

ပြည်ပပို့ခွင့်ကို ပိတ်သလို ပြည်တွင်းမှာလည်း သက်သာတဲ့ နှုန်းထားနဲ့ ဆန်စပါးအသင်းချုပ်က ဆန်ဈေးကျအောင် လုပ်ဆောင်တာတွေရှိပေမယ့် မြေပြင်မှာတော့ အများပြည်သူဝယ်စားရတဲ့ ဆန်ဈေးဟာ ကျဆင်းသွားခြင်း မရှိသေးဘူးလို့ စားသုံးသူတွေကလည်း ဆိုပါတယ်။

ဆန်ဈေးကျဖို့ဆိုရင် စပါးပေါ်ချိန်မှာ အလုအယက်ဝယ်ယူသိုလှောင်မှုတွေကို အဓိကထိန်းချုပ်ရမှာဖြစ်ပြီး ပြည်ပပို့ခွင့်ပိတ်ရုံနဲ့ ဆန်ဈေးကျမှာ မဟုတ်ဘူးလို့ ဧရာဝတီတိုင်းက ဆန်စက်လုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်ပါတယ်။

” ဆန်စပါးကိုလှောင်ထားတဲ့ ကုန်သည်ကြီးတွေက ဈေးမချဘဲနဲ့ ကျမှာမဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာက စပါးပေါ်ချိန်လုဝယ်ပြီး သိုလှောင်ထားတာများတယ်။ အဲ့ဒီအခြေအနေကို ထိန်းချုပ်နိုင်မှဖြစ်မယ်။ ကုန်သည်ရော၊ ဆန်စက်ပိုင်ရှင်တွေရော လယ်သမားပါ မျှတတဲ့ ဈေးတန်းချပြီးမှ အပြင်မှာလည်း မျှတတဲ့ ဈေးနှုန်းရလာမှာပေါ့” လို့ သူက ပြောပါတယ်။

ကမ္ဘာ့နံပါတ်တစ်ဆန်ပို့တဲ့နိုင်ငံ အိန္ဒိယက ဆန်ပို့ခွင့်ကို ကန့်သတ်လိုက်ပြီးနောက် ကမ္ဘာ့ဆန်ဈေးတက်လာသလို ဆန်ဝယ်စားတဲ့ နိုင်ငံတွေဟာလည်း ရောင်းချမယ့် ဈေးကွက်အသစ်တွေကို ချိတ်ဆက်လာတာပါ။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက မြန်မာ့ဆန်ကို ဝယ်ဖို့ သတင်းတွေထွက်လာချိန်မှာ ဆန်တင်ပို့ခွင့်ကို စစ်ကောင်စီက ယာယီပိတ်လိုက်တာလည်း ဖြစ်ပါတယ်။

မိုး၊နွေ စပါးစိုက်ဧက သန်း ၂၀ ကျော်ရှိတဲ့ မြန်မာကနေပြည်ပကို တစ်နှစ်ကို ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့ရောင်းချနေတာလည်း ဖြစ်ပါတယ်။

ပုံစာ – ဆန်သိုလှောင်ရုံတစ်ခုကို တွေ့ရစဉ်
ဓာတ်ပုံ – MRF


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."